ကိုဗစ်-၁၉ လူနာ INGO ဝန်ထမ်းနှင့် လူ ၃၀ ကျော်ထိတွေ့ခဲ့
DVB
·
August 24, 2020
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ထွေအုပ်ဝန်ထမ်း ၃ ဦးအပါအဝင် သံတွဲမြို့မှ လူ ၃၀ ကျော်လောက်ဟာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာအမှတ် ၄၁၃ ဖြစ်တဲ့ INGO ဝန်ထမ်းနဲ့ ထိတွေ့မှုရှိခဲ့လို့ ဒီနေ့ သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကို ဓာတ်ခွဲစစ်ဆေးဖို့ ဆောင်ရွက်နေပါတယ်။
သံတွဲမြို့ ပြည်သူဆေးရုံအုပ်ကြီး ဦးထွန်းထွန်းဝင်းက "သူမနဲ့ ထိတွေ့ခဲ့တဲ့ လူတွေအားလုံး ၃၀ ကျော်ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေကို ဓာတ်ခွဲစစ်ဆေးဖို့ ဒီနေ့ပဲ ပို့လိုက်ပါပြီ။ သူတို့အားလုံးကိုတော Home Quarantine ထားထားတယ်" လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ရောပိုးတွေ့လူနာအမှတ် ၄၁၃ ဟာ INGO ဝန်ထမ်းတစ်ဦးဖြစ်ပြီး သံတွဲမြို့ကို သြဂုတ်လ ၁၁ ရက်နေ့မှာ အဖော် ၃ ဦးနဲ့အတူ ရောက်ရှိလာခဲ့ပြီး သူတို့ INGO အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးအပါအဝင် ဌာနဆိုင်ရာ ၃ ခုနဲ့ အစည်းအဝေးပြုလုပ်ထိတွေ့ခဲ့ကာ ပြင်ပ Public တွေနဲ့ ထိတွေ့မှုမရှိခဲ့ကြောင်းလည်း သံတွဲမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဦးထွန်းထွန်းဝင်းက ပြောပါတယ်။
"ပြင်ပနဲ့တော့ သိပ်မတွေ့ခဲ့ဘူး။ ဌာနဆိုင်ရာ ၃ ခုနဲ့တွေဆုံမှုရှိခဲ့တယ်။ သူမနဲ့အတူပါလာပြီး အခု Quarantine ဝင်နေရတဲ့ကောင်လေးကို သေချာမေးမြန်းပြီးပြီ။ သူတို့ လိုက်ပါစီးနင်းခဲ့တဲ့ လေကြောင်းလိုင်းတွေစာရင်းပါ ကျန်းမာရေးဝန်ကြီးဌာနကို ပို့ထားရတယ်။"
ကိုဗစ်-၁၉ ရောပိုးတွေ့လူနာအမှတ် ၄၁၃ INGO ဝန်ထမ်းဟာ သံတွဲမြို့မှ စစ်တွေမြို့သို့ ပြန်သွားပြီးနောက် သြဂုတ် ၂၁ ရက်နေ့ စစ်တွေမှ ပိုးတွေ့လူနာစာရင်း ထုတ်ပြန်ချက်မှာ ရောဂါပိုးတွေ့ရှိကြောင်းသိရှိခဲ့ပါတယ်။
သူနဲ့ထိတွေ့ခဲ့တဲ့ သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်း ၃ ဦးအပါအဝင်လူပေါင်း ၃၀ ကျော်ကို Home Quarantine နေခိုင်းထားပြီးသူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တို့ကို အခုလိုဓာတ်ခွဲစစ်ဆေးဖို့ ပို့ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိသံတွဲမြို့ရှိ Quarantine စင်တာ ၃ ခုမှာ လူပေါင်း ၆၀ ကျော်ရှိတယ်လို့ သံတွဲမြို့နယ် ကျန်းမာရေးဌာနက သိရပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်ကနေ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ လူနာသစ် ၇၂ ဦးတွေ့ရှိထားပြီး စစ်တွေက ၆၇ ဦး၊ မြောက်ဦးက ၃ ဦးနဲ့ သံတွဲက ၂ ဦးတို့ ဖြစ်ပါတယ်။
သတင်း - လင်းလက်