Homeသတင်းဓာတ်ပုံ
စစ်တွေနှင့်ပဲခူးတိုင်းက လာသည့် ခရီးသည်တင်ယာဉ်များကို ကျန်းမာရေးစစ်ဆေးပြီးမှ ရန်ကုန် ဝင်ခွင့်ပြု (ဓာတ်ပုံ)
စစ်တွေနှင့်ပဲခူးတိုင်းက လာသည့် ခရီးသည်တင်ယာဉ်များကို ကျန်းမာရေးစစ်ဆေးပြီးမှ ရန်ကုန် ဝင်ခွင့်ပြု (ဓာတ်ပုံ)
DVB
·
August 23, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နဲ့ ပဲခူးတိုင်းက လာတဲ့ ခရီးသည်တင်ယာဉ်တွေနဲ့ ခရီးသည်တွေကို တိုက်ကြီးမြို့နယ်၊ မီးနင်းချောင်းအနီး စစ်ဆေးရေးဂိတ်မှာ ကျန်းမာရေးစစ်ဆေးပြီးမှ ရန်ကုန်တိုင်းအတွင်း ဝင်ခွင့်ပြုသွားမယ်လို့ ဥက္ကံမြို့ အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်က ပြောပါတယ်။
"ဒီနေ့ စစ်တွေကလာတဲ့ ခရီးသည်ကားတစ်စီး၊ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် နှစ်ဦးထဲ ပါလာတယ်။ သူတို့ကိုတော့အင်းစိန် GTC ဝန်းထဲက Quarantine Center ကိုပို့လိုက်တယ်။ ပဲခူးတိုင်းအတွင်းက ဝင်လာတဲ့ ခရီးသည်ကားတွေနဲ့ အိမ်စီးကားတွေကိုပါ အကုန်စစ်ဆေးတယ်။ နာမည်၊ မှတ်ပုံတင်နဲ့ နေရပ်လိပ်စာတွေစစ်ဆေးတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး အပူချိန်တိုင်းတာတွေ ပြုလုပ်ပြီးမှ ရန်ကုန်တိုင်းထဲကို ဝင်ခွင့်ပြုသွားမယ်။"
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတာ များလာတာကြောင့် စစ်တွေမြို့ကလာတဲ့ ခရီးသည်ယာဉ်တွေကို တိုက်ကြီးမြို့နယ်မှာ သြဂုတ် ၂၁ ရက်ကစလို့ ၂၄ နာရီစောင့်ကြည့်ကာ ကျန်းမာရေးစစ်ဆေးပြီး ရန်ကုန်မြို့ရှိ Quarantine Center တွေကို ပို့ဆောင်ပေးခဲ့တာ သြဂုတ် ၂၃ ရက်အထိ လူဦးရေ ၂၂၅ ဦး ရှိပြီလို့ သိရပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့က လာတဲ့ကားတွေကို လည်း ကျန်းမာရေးစစ်ဆေးနေတယ်လို့ သိရပါတယ်။
မေသွယ်