စစ်တွေမြို့က CB ဘဏ်ခွဲကို ၂ ရက် ယာယီပိတ်မည်
DVB
·
August 17, 2020
ကိုဗစ်-၁၉ လူနာဝန်ထမ်း လုပ်ကိုင်ခဲ့တဲ့ စစ်တွေမြို့က ဘဏ်ခွဲကို ၂ ရက် ယာယီပိတ်မယ်လို့ စီဘီဘဏ်က ကြေညာပါတယ်။
သြဂုတ် ၁၆ ရက် ည ၈ နာရီ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ လူနာအမှတ်စဉ် ၃၇၅ ဟာ စီဘီဘဏ် စစ်တွေဘဏ်ခွဲက ဝန်ထမ်းအမျိုးသမီးတယောက်ဖြစ်ပြီး သြဂုတ် ၁၄ ရက်မှာ ရောဂါလက္ခဏာတွေ့ရပြီး ဆေးခန်းကိုသွားပြရာကနေ စစ်ဆေးရင်း ပိုးတွေ့ခဲ့တာပါ။
အဲဒီအမျိုးသမီးဟာ ကျောက်ဖြူမြို့ကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး လက်ရှိမှာတော့ စစ်တွေမြို့က စီဘီဘဏ် ဝန်ထမ်း ၂၇ ယောက်နဲ့ လူနာနေထိုင်တဲ့အိမ်ကလူ ၁၉ ယောက်တို့ကို အသွားအလာကန့်သတ်ထားပါတယ်။
စစ်တွေဘဏ်ခွဲက ဝန်ထမ်းအားလုံးကို ရောဂါပိုး ရှိ၊ မရှိ ဒီနေ့ အမြန်ဆုံးစစ်ဆေးမှာ ဖြစ်ပြီး ဘဏ်ကိုတော့ သြဂုတ် ၁၇ နဲ့ ၁၈ ရက်တို့မှာ ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ CB Bank Core Banking System နဲ့ စီဘီဘဏ်ခွဲအားလုံးမှာ စစ်တွေဘဏ်ခွဲကိုယ်စား ဝန်ဆောင်မှုပေးနေတယ်လို့လည်း ဆိုပါတယ်။
ရောဂါပိုးတွေ့ခဲ့ရတဲ့ ဝန်ထမ်းနဲ့ ဆေးစစ်ရမယ့် ဝန်ထမ်းအားလုံးကို ဘဏ်ကနေ အပြည့်အဝ ထောက်ပံ့ပေးမယ်လို့လည်း ဆိုပြီး ဘဏ်ခွဲ အဆောက်အဦနေရာ အားလုံး၊ ရုံးသုံးပစ္စည်းအားလုံးကို ညွှန်ကြားချက်တွေနဲ့အညီ စနစ်တကျ ပိုးသတ်ဆေးဖြန်းထားပါတယ်။