Home
မြန်မာသတင်း
စစ်တွေမြို့ထဲကို လက်နက်ကြီးပစ်ခတ်မှု၌ သေဆုံးသူ  ၁၂ ဦး၊ ဒဏ်ရာရသူ ၈၀ နီးပါး ရှိလာ 
DVB
·
February 29, 2024
Sittwe Market Military Attack_29022024

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ထဲ ဖေဖော်ဝါရီ ၂၉ ရက် မနက်က စစ်ကောင်စီရေတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သား ၁၂ ယောက် သေဆုံးပြီး ဒဏ်ရာရသူ အယောက် ၈၀ နီးပါးရှိတယ်လို့ ရက္ခိုင့်တပ်တော်(အေအေ) ကထုတ်ပြန်ပါတယ်။

ပြင်းပြင်းထန်ထန် ဒဏ်ရာရသူတွေလည်း ရှိတာကြောင့် သေဆုံးသူ ထပ်တိုးလာနိုင်သေးတယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေမြို့မဈေးနားက ကိုရီးယားဆိပ်ကမ်းပျံကျဈေးထဲကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သား ၁၂ ယောက် သေဆုံးခဲ့ရသလို အပြင်းစားဒဏ်ရာရသူ ၃၁ ယောက်နဲ့ အသေးစား၊ အလတ်စား ဒဏ်ရာရသူ ၅၀ နီးပါးရှိတာကြောင့် စုစုပေါင်း အရပ်သား ၈၀ ယောက်လောက်ပါ ထိခိုက်ခဲ့တယ်လို့ အေအေက ထုတ်ပြန်ပါတယ်။

ပျံကျဈေးအတွင်းရှိနေသူ စစ်တွေမြို့ခံ၊ မျက်မြင်သက်သေတယောက်က “လက်နက်ကြီး ကျတာက မနက် ၈ နာရီ စျေးအစည်ဆုံးအချိန်မှာ ကျတာ။  သေသူက လောလောဆယ် ၁၂ ယောက်လို့ သိရတယ်။ ၁၁ ယောက်တော့ အလောင်းရတယ်။ နောက်တယောက်က ခါးကနေ ပြတ်သွားတယ်။ အခုထိ ရှာမရသေးဘူး။ ဒဏ်ရာရသူက လောလောဆယ် ၃၁ ယောက်လို့ သိရတယ်။ ဒဏ်ရာရသူထဲမှာ သေမယ့်သူက ပိုတိုးလာနိုင်တယ်။ တယောက်က ဦးခေါင်းပွင့်သွားတယ်။ တခြားတယောက်က ရင်ဘတ်ပေါက်သွားတယ်။ စျေးအခြေအနေကတော့ လုံးဝပိတ်သွားနိုင်တယ် အလားအလာရှိတယ်။”

အပြင်းအထန် ထိခိုက်သူ ၃၁ ယောက်ကို စစ်တွေဆေးရုံကြီးကို ပို့ဆောင်ထားပြီး တချို့ကိုတော့ ရန်ကုန်ကို ပို့ဖို့လုပ်နေတယ်လို့ လူမှုကူညီရေးအဖွဲ့တစ်ခုက တာဝန်ရှိသူက ပြောပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မြို့ခံတွေ ထိတ်လန့်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

ဖြစ်စဉ်နောက်ပိုင်း စစ်ကောင်စီဘက်ကလည်း ကင်းလှည့်နေပေမဲ့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တုံ့ပြန်ပြောဆိုတာမျိုး ဖေဖော်ဝါရီ ၂၉ ရက် ညနေပိုင်းအထိ မရှိသေးပါဘူး။

မြို့မဈေးအနီးနေထိုင်တဲ့ မြို့ခံတဦးက “ဖြစ်တုန်းကတော့ လူတွေက အများကြီးရောက်လာတယ်။ ရဲသားတွေ၊ စစ်သားတွေက လာပြီးတော့ လုပ်နေတော့ အကုန်လုံး ပြန်သွားကြတယ်။ ဒါ ပထမဆုံးပဲ ကျနော် သိသလောက်တော့ မြို့ထဲကို ကျတာ။ တခြားနေရာက ဈေးဆိုင်တွေပါ အကုန်လုံးပိတ်ကုန်ပြီ။ အကုန်လုံးကတော့ တခြားနေရာကို သွားရမှာပေါ့၊ စစ်တွေမှာ မလုံခြုံဘူးဆိုရင် အဲဒီလိုပေါ့။  မြို့ကတော့ ပြောရမယ်ဆိုရင် ၂ ပုံ ၁ ပုံလောက်ပဲ ကျန်တော့မယ် ထင်တယ် လူတွေကတော့”လို့ ပြောပါတယ်။

အခုကျရောက်ခဲ့တဲ့ လက်နက်ကြီးကျည်ဟာ စစ်ကောင်စီရေတပ်က ပုဏ္ဏားကျွန်းဘက်ကို ပစ်ခတ်တဲ့ကျည်ဖြစ်ကြောင်း တချို့က သုံးသပ်နေပေမဲ့ တချို့ကလည်း စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာလို့ ဆို ကြပါတယ်။

ရက္ခိုင့်တပ်တော်(အေအေ)ကတော့ စစ်တွေမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လူအစုလိုက် သေစေခဲ့တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝန်းက ဆန့်ကျင်တားဆီးပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ နိုဝင်ဘာ ၁၃ ရက်ကတည်းကနေ စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဖေဖော်ဝါရီ ၁၃ ရက်အထိ သေဆုံးသူ ၁၁၁ ဦးထိရှိကာ ဒဏ်ရာရရှိသူ ၃၅၇ ဦးအထိ ရှိတယ်လို့ HDCO  က ထုတ်ပြန်ထားပါတယ်။

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024