မြန်မာပြည်မှာ ဘယ်ကကူးမှန်းမသိတဲ့ ကိုဗစ်-၁၉ လူနာ အယောက်၂၀ ရှိပြီ
ညီငယ်
·
August 17, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ စတွေ့ခဲ့တဲ့ မတ် ၂၃ ရက်က စပြီး ၅ လ နီးပါးလောက် ကာလအတွင်း ဒီနေ့ မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၃၇၅ ယောက်ရှိနေပြီး ဒီအထဲက ဘယ်ကနေ ကူးစက်ခံရမှန်းမသိတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း အယောက် ၂၀ ရှိ လာပါတယ်။
ဒီလူနာအယောက် ၂၀ ကတော့ ရန်ကုန်မှာတွေ့တာ ၁၂ ယောက်၊ ကချင်ပြည်နယ်မှာ ၂ ယောက်၊ ရှမ်းပြည်နယ်မှာ ၂ ယောက်၊ ရခိုင်မှာ ၂ ယောက်၊ မန္တလေးမှာ ၁ ယောက်၊ နေပြည်တော် ၁ ယောက်တို့ဖြစ်ကြပါတယ်။
ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာသူဇာချစ်တင်က“ဒါက လူတွေပေါ့သွားလို့မရဘူး။ ကိုယ့်ရဲ့ပြည်တွင်းထဲမှာလည်း ကူးစက်နိုင်မှုတွေက ရှိနေတာပေါ့”လို့ ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းကူးစက်မှုမရှိတာ တလကြာပြီးနောက် သြဂုတ် ၁၆ ရက်နေ့ ညက စစ်တွေမြို့မှာတွေ့ရှိတဲ့ ကိုဗစ်-၁၉ လူနာအမှတ် ၃၇၅ ဟာ ဘယ်က ကူးမှန်းမသိတဲ့လူနာအဖြစ် ထပ်ပြီးတွေ့ရှိလာတာဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုးရှိ လူနာတွေနဲ့ ထိတွေ့မှုမရှိ၊ ပြည်ပခရီးသွားရာဇဝင်မရှိဘဲ ဘယ်ကနေ ကူးစက်မှန်း မသိဘဲ ကူးစက်ခံခဲ့ရပြီး အခုအခါ ရောဂါပိုးကင်းစင်သွားပြီဖြစ်တဲ့ အတည်ပြုလူနာ အမှတ် ၁၄၄ က သူကြုံတွေ့ရပုံကို အခုလိုပြောပြပါတယ်။
“ကူးချင်ရင်တော့ ကူးမှာဘဲ။ မကူးရင်လည်း မကူးဘူးပြောလို့ မရဘူး။ ကျနော်လည်း ကိုယ့်ဟာနဲ့ကိုယ် အေးအေးဆေးဆေး သပ်သပ်ရပ်ရပ်နေတာပဲ။ ဂရုစိုက်ပြီးတော့မှ အဲဒါလည်း ကူးတာပဲ။ ဒါတွေက ပြောလို့ မရဘူး။ ကျနော်လည်း ဘယ်က ကူးမှန်းမသိဘူး”လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘယ်ကကူးမှန်းမသိတဲ့ လူနာတွေထဲက လူနာအမှတ် ၂၅ ကို ရန်ကုန်မှာ ပထမဆုံးတွေ့ရှိပြီးတဲ့နောက် သြဂုတ် ၁၆ ရက်နေ့ညမှာ အယောက် ၂၀ မြောက် အတည်ပြု လူနာကို ရခိုင်ပြည်နယ်မှာ စစ်တွေမြို့မှာ တွေ့ရှိခဲ့တာပါ။