မြဝတီမြို့တွင် ဆိုင်ကယ်လုပြေးသူကို ဝိုင်းဝန်းဖမ်းဆီး၊ လူ ၂ ဦး ဓားထိုးခံရ
DVB
·
August 14, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အောင်ဇေယျလမ်းထောင့် မြဝတီမြို့နယ်တရားရုံးအရှေ့မှာ သြဂုတ် ၁၃ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်လုပြေးသူတဦးကို ဝိုင်းဝန်းဖမ်းဆီးခဲ့ရာမှာ လူ ၂ ဦး ဓားထိုးခံခဲ့ရပါတယ်။
မြဝတီမြို့ပြည်သူ့ဆေးရုံဝင်းမှာ ဆိုင်ကယ်တက္ကစီသမားက ခရီးသည်စောင့်ဆိုင်းနေစဉ် ထွန်းထွန်း (၃၃ နှစ်)က ဘုရင့်နောင်စျေးသွားပို့ဖို့ ဆိုင်ကယ်ငှားပြီး အောင်ဇေယျလမ်းထောင့် အရောက်မှာ ထွန်းထွန်းက အသင့်ပါလာတဲ့ ဓားချွန်နဲ့ထိုးတာကြောင့် ဆိုင်ကယ်တက္ကစီမောင်းသူ သန့်ဇင်ဦး (၄၀ နှစ်)ရဲ့ ရင်ညွန့်အလယ်ကို ဓားနဲ့ ၁ ချက် အထိုးခံခဲ့ရပါတယ်။
ဓားနဲ့ အထိုးခံရပြီးနောက် တရားရုံးအနီးရှိ ပြည်သူတွေကို အော်ဟစ်အကူအညီတောင်းရာ မျိုးမင်းဦး (၃၇ နှစ်)က တရားခံကို သစ်ပိုင်းနဲ့ရိုက်ဖမ်းဆီးရာ တရားခံက ဓားနဲ့ခုခံတဲ့အတွက် မျိုးမင်းဦးရဲ့ ဝဲဘက်ရင်အုံကို ဓားနဲ့ ၁ ချက်အထိုးခံခဲ့ရတာပါ။
ဆိုင်ကယ်လုပြီး မောင်းပြေးသူကိုတော့ မြဝတီမြို့ အမှတ်(၅)ရပ်ကွက် ရွှေမြင်းဝန် ဘုရားမုခ်ဦး တောင်ဘက်အနီးမှာ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးမှူးတို့က ဝိုင်းဝန်းဖမ်းဆီးရမိခဲ့ပါတယ်။
ဓားထိုးခံရတဲ့ ဆိုင်ကယ်တက္ကစီအငှားလိုက်သူ သန့်ဇင်ဦးကို မြဝတီမြို့ ပြည်သူ့ဆေးရုံမှာ စိုးရိမ်စရာလူနာအဖြစ် ကုသပေးနေသလို ယာဉ်ထိန်းအကူ ကိုမျိုးမင်းဦး ကိုလည်း အတွင်းလူနာအဖြစ် ကုသပေး နေဆဲဖြစ်ပါတယ်။
ဓားနဲ့ ထိုးပြီး ဆိုင်ကယ်လုမောင်းပြေးသူ ထွန်းထွန်းကိုတော့ ဥပဒေအရအရေးယူဖို့ ဒုရဲအုပ် မင်းမင်းထွန်းက တရားလိုပြုတိုင်တန်း စစ်ဆေးနေပါတယ်။
သတင်း - ဖိုးစီ