ပုသိမ်ဆေးရုံတွင် သွေးလွန်တုပ်ကွေးရောဂါဖြင့် သေဆုံးသူမရှိဟု ပုသိမ်ဆေးရုံအုပ်ကြီး ပြော
DVB
·
August 13, 2020
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ဆေးရုံမှာ သြဂုတ်လအထိ သွေးလွန်တုပ်ကွေးရောဂါနဲ့ တက်ရောက်ဆေးကုသသူ ၂၁ ယောက်ရှိပြီး သေဆုံးသူတော့ မရှိဘူးလို့ ပုသိမ်ဆေးရုံအုပ်ကြီးက ပြောပါတယ်။
ပုသိမ်မြို့နယ်ကုတင် ၅၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က “ဒီနှစ်က သွေးလွန်တုပ်ကွေးနဲ့ သံသယရှိလို့ လာတက်တဲ့သူ ၅၀ရှိပါတယ်။ နှစ်စတဲ့အချိန်က အခုအချိန်အထိ သွေးစစ်ပြီးတော့ သွေးလွန်တုပ်ကွေး ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးတဲ့အခါမှာ သွေးလွန်တုပ်ကွေး လူနာ ၂၁ ယောက်ပဲရှိပါတယ်”လို့ ပြောပါတယ်။
အဘိတ်ဆေးတွေတော်တော်များများကို ပရဟိတအဖွဲ့တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပေါင်းပြီး အဘိတ်ခတ်လုပ်ငန်းကိုလုပ်ဆောင်ခဲ့တာကြောင့် ခြင်းပေါက်ဖွားမှုနှုန်း လျော့ခဲ့ကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် စာသင်ကျောင်းတွေ ပိတ်ထားတာကြောင့် ကျောင်းသားတွေ စုဝေးတာမရှိဘဲ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းလျော့ကျသွားတယ်လို့လည်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပြောပါတယ်။
“သွေးလွန်တုပ်ကွေးက နှစ်တိုင်းသွားနေတာ မဟုတ်ဘူး။ ၃ နှစ်မှာတခါ သွေးလွန်တုပ်ကွေး က ဆိုးတဲ့နှစ်ဆိုတာ သတ်မှတ်ထားတာရှိပါတယ်။ မနှစ်က ၄၀၆ ယောက် အထိ ဖြစ်ထားတော့ ဒီနှစ် ရောဂါလျော့ကျမယ် နှစ်လည်းဖြစ်တယ်။”
သွေးလွန်တုပ်ကွေးကာကွယ်နိုင်ဖို့အတွက် မိဘတွေအနေနဲ့ ကလေးတွေကိုခြင်မကိုက်အောင် ဂရုစိုက်ဖို့၊ ခြင်တွေပေါက်ဖွားမှုမရှိအောင်လုပ်ဆောင်ဖို့ အရေးကြီးကြောင်း၊ ရေအိုးရေစည်တွေကို ဖုံးအုပ်ထားဖို့၊ လမ်းဘေးရှိ ရေများသွန်းပစ်ဖို့၊ ပိုးလောက်လန်းတွေကို ရေစစ်နဲ့ စစ်ဖို့စတဲ့ အချက်တွေ လုပ်ဆောင်ဖို့ ကျန်းမာရေးဌာနက ပြည်သူတွေကို အသိပေးထားပါတယ်။
၂၀၁၉ ဇန်နဝါရီ ၁ ရက်မှ သြဂုတ် ၃၁ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်သူ ၄၀၆ ဦးရှိပြီး သေဆုံးသူ ၃ ဦးတယ်လို့ သိရပါတယ်။
သတင်း - စည်သူမောင်မောင်