“ခွပ်ဒေါင်းမာန်ချီ NLD” သီချင်း အနုပညာရှင် ၃၅ ယောက်ထက်မနည်း ပါဝင်သီဆိုမည်
DVB
·
August 13, 2020
၂၀၂၀ ပြည့်နှစ် အန်အယ်လ်ဒီပါတီ အောင်နိုင်ရေးသီချင်းတပုဒ်ဖြစ်တဲ့ “ခွပ်ဒေါင်း မာန်ချီ NLD”သီချင်းထဲမှာ အနုပညာရှင် ၃၅ ယောက်ထက်မနည်း ပါဝင်သီဆိုသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
“၂၀၁၅ ခုနှစ်၊ NLD အောင်နိုင်ရေးသီချင်း “ခွပ်ဒေါင်းမာန်ချီ NLD” ကို ရေးခဲ့တဲ့ တေးရေး သံသာဝင်းကပဲ ကျမတို့အတွက် “၂၀၂၀ ခွပ်ဒေါင်းမာန်ချီ” သီချင်းကို မေတ္တာဖြင့် ရေးပေးမှာပါ”လို့ ဒါရိုက်တာကြည်ဖြူသျှင်က ဆိုပါတယ်။
သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာတော့ ဒီသီချင်းရုပ်သံအတွက် ဆွေးနွေးတွေ့ ဆုံကြတဲ့ အနုပညာရှင်တွေနဲ့ ဓာတ်ပုံတွေကို တင်ထားခဲ့ကာ ခုလိုရေးသားဖော်ပြထားခဲ့တာကို တွေ့ရပါတယ်။
“အဆိုတော်တွေကို ချိတ်ဆက်ပေးတဲ့ "အနဂ္ဂ၊သံသာဝင်း ၊ သျှီ၊ မမီမီဝင်းဖေ"..... ယနေ့ တွေ့ ဆုံဖြစ်တဲ့ ကိုရင်ဂို၊ မကော်နီ၊ လင်းနစ်၊ သားကြီး၊ ဆိုင်စံနဲ့ သီချင်းမှာပါဝင် အားဖြည့်သီဆိုကြမယ့် အနုပညာမောင်နှမများအားလုံးကို ၊ ကျေးဇူးအထူးတင်ရှိပါတယ်”
အမေစုကိုချစ်တဲ့ နာမည်ကြီး ဂီတအနုပညာရှင်တွေ ၅၀ နီးပါး NLD အောင်နိုင်ရေးအတွက် ဝန်းရံဖို့ ရှိနေတာဟာ ဝမ်းသာစရာ သတင်းကောင်း ဖြစ်တယ်လို့လည်း ဖော်ပြထားခဲ့ကာ ဒီသီချင်း ရုပ်သံရိုက်ကူးမှုကိုတော့ ကိုဗစ်ကာလ စည်းကမ်းနဲ့အညီ ရိုက်ကူးတင်ဆက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းလင့်ခ်-
https://www.facebook.com/100008777678917/videos/2368991786736721/