မဲစာရင်းစစ်ရက် ထပ်တိုးလိုက်သဖြင့် ပြည်သူများ မဲစာရင်းပိုစစ်လာ
DVB
·
August 9, 2020
မဲစာရင်းစစ်ဖို့ရက် ထပ်တိုးပေးတာတွေကြောင့် ပြည်သူတွေစိတ်ဝင်တစားနဲ့ မဲစာရင်းပိုစစ်လာကြတယ်လို့ ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။
လာမဲ့ နိုဝင်ဘာ ၈ ရက်နေ့ ပြုလုပ်မဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်မဲစာရင်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့ကနေ သြဂုတ် ၇ ရက်နေ့အထိ ကြေညာခဲ့တာပါ။
ဒါပေမဲ့ မဲစာရင်းကို စိတ်ပါဝင်စားစွာနဲ့ လာကြည့်သူဦးရေ နည်းနေသေးတာမို့ သြဂုတ် ၈ ရက်နေ့ကနေ သြဂုတ် ၁၄ ရက် နေ့အထိ ၇ ရက်ထပ်မံတိုးမြင့်ကြေညာပေးထားတာဖြစ်ပါတယ်။
ပြည်သူတွေအနေနဲ့ ရက်ထပ်မံတိုးမြင့်စစ်ခွင့်ပြုလိုက်တဲ့အတွက် စစ်ဆေးချိန်ပိုမိုရရှိပြီး စိတ်ဝင်တစားနဲ့ စစ်ဆေးသူများလာတယ်လို့ ဆိုပါတယ်။
မဲစာရင်းမှာ မှတ်မပုံတင်နံပါတ်လွဲမှားတာ၊ မှတ်ပုံတင်နံပါတ်မပါရှိတာ၊ မဲစာရင်းနာမည်မပါရှိတာ၊ မှတ်ပုံတင်မရှိတာတွေအတွက် ရပ်ကျေးနယ်မြေအပိုင်အလိုက် ကွင်းဆင်းဆောင်ရွက်ပေးနေတာပါ။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲပေးနိုင်သူဦးရေ ၅၆ သိန်းကျော်အထက်မှာ ရှိနေပြီး မဲစာရင်းမှာ မှတ်ပုံတင်(နိုင်) နံပါတ်တွေ ထပ်နေသူဦးရေ ၄ သိန်းကျော်လောက်တွေ့ထားသလို၊ မှတ်ပုံတင်နံပါတ် မပါရှိသူ လူဦးရေက ၂ သိန်းကျော်မှာ တွေ့ရှိထားတာပါ။
ဒါတွေကို အချိန်မီဖြည့်တင်းဆောင်ရွက်နိုင်ဖို့ ရပ်ကွက်ကျေးရာတွေကို ကွင်းဆင်းဆောင်ရွက်ပေးနေတာမို့ ပြည်သူတွေအနေနဲ့ လာရောက်ပူးပေါင်းပါဝင်ပေးကြဖို့ ရွှေပြည်သာမြို့နယ် အမှတ် ၂ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်ရွှေ တိုက်တွန်းလိုက်ပါတယ်။