ရွေးကောက်ပွဲ ဝင်မပြိုင်ဟု သူရဦးရွှေမန်း ပြော
DVB
·
August 8, 2020
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီရဲ့ ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုလိုက်ပါတယ်။
ကြံ့ခိုင်ရေးပါတီက နုတ်ထွက်ပြီးနောက် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)ကို ထူထောင်ခဲ့တဲ့ သူရဦးရွှေမန်းက ဩဂုတ် ၈ ရက်နေ့မှာ အွန်လိုင်းကတဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး သူ့အနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်တော့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
သူရဦးရွှေမန်းက “လျာထားစဉ်းစားတဲ့အထဲမှာ ဖြူးလည်းပါပါတယ်။ အခြားနေရာတွေကတော့ အထူးမဖော်ပြတော့ပါဘူး။ ဘာကြောင့် ဖြုးပါလဲဆိုရင် ဖြူးက ဇာတိမြေဖြစ်တယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ရင်းနှီးခဲ့ပါတယ်။ ရှုံးခဲ့ပါတယ်။ ပြိုင်မယ်ဆိုရင်တော့ နံပါတ် ၁ ဦးစားပေးက ကိုယ်ရှုံးတဲ့မဲဆန္ဒနယ်မှာပဲ ပြိုင်ချင်ပါတယ်။ သို့ရာတွင် အဲ့ဒီမဲဆန္ဒနယ် ဒီနေ့ဝင်ထားတဲ့ ကိုယ်စားလှယ်လောင်းလျာထားတဲ့သူများ အောင်နိုင်ခြေများတဲ့အတွက် ဖြူးကို မပြိုင်ဘူး။ သို့ရာတွင် အခြားမြို့နယ်တွေ ဝင်ပြိုင်မယ်ဆိုလို့ရှိရင်လည်း အခြားမြို့နယ်တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်လာတဲ့ ကိုယ်စားလှယ်လောင်းက သူ့အနေနဲ့ နိုင်ခြေများတဲ့အတွက် အဲ့ဒီကိုယ်စားလှယ်လောင်းတွေကို ဦးစားပေးလိုက်ခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
သူရဦးရွှေမန်းအနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ပေမယ့် သူ့ရဲပါတီ UBP က ကိုယ်စားလှယ်တွေကတော့ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ တိုင်းဒေသကြီး နေရာအကုန်ဝင်ပြိုင်မှာဖြစ်သလို ပြည်နယ်နေရာ အချို့မှာလည်း ဝင်ပြိုင်ထားတယ်လို့ ဆိုပါတယ်။
“တိုင်း ၆ တိုင်း၊ အောက်ကနေ စပြောပါ့မယ်။ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တိုင်းကြီး ၆ တိုင်းမှာ ရှိသမျှမြို့နယ်တိုင်းမှာ ခုနကပြောတဲ့ နေရာအားလုံးကို ယှဉ်ပြိုင်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ပြည်နယ်များပေါ့လေ၊ ပြည်နယ်များဆိုရင် ကချင်ပြည်နယ်က စပါမယ်။ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တွေမှာလည်း အားလုံးမဟုတ်ပေမယ့် မိမိတို့ ပါတီအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ထားတာရှိပါတယ်” လို့ သူရဦးရွှေမန်းက ပြောပါတယ်။
တပ်မတော်အစိုးရလက်ထက် တတိယမြောက်အကြီးဆုံးဖြစ်တဲ့ ကြည်း၊ ရေ၊ လေ ညှိကွပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူရဦးရွှေမန်းအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဇေယျာသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပါတယ်။
အဲ့ဒီကနေ လွှတ်တော်ဥက္ကဋ္ဌ၊ အလှည့်ကျ နာယက တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ဇာတိဖြူးမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် အန်အယ်လ်ဒီကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့ပါတယ်။
ဖြိုးသက်ပိုင်မြင့်(နေပြည်တော်)