ရွေးကောက်ပွဲကို မနိုင်၊ နိုင်သည့်အခွင့်ကောင်းရှာတိုက်မည်ဟု ကြံ့ခိုင်ရေးအမတ်ပြော
DVB
·
August 5, 2020
လာမယ့်ရွေးကောက်ပွဲကို မနိုင်၊ နိုင်တဲ့ အခွင့်ကောင်းရှာတိုက်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဦးမောင်မြင့်က ပြောကြားလိုက်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်ပြီး ဩဂုတ်လ ၄ ရက်နေ့က သတင်းမီဒီယာတွေနဲ့ ဖိတ်ခေါ်တွေ့ဆုံ ရှင်းလင်းရာမှာ မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောကြားလိုက်တာပါ။
“မနိုင်ရင် မတိုက်ဘူးဆိုတာက၊ စစ်သားစကားနဲ့ပြောတာ၊ မနိုင်ရင် နိုင်တဲ့ အခွင့်ကောင်းကို ရှာပြီးတိုက်မှာပေါ့။ သဘောပေါက်လားမသိဘူး။ အဲတော့ ဒီရွေးကောက်ပွဲကတော့ ဒီအချိန်မှာ မကြောက်ဘူး။ ဒါပေမဲ့ ဒီလိုပဲ မမျှမတတွေနဲ့ ဆက်ပြီးလုပ်နေမယ်ကွာ အဲဒါဆိုရင် ကိုယ်တို့ကလည်း ဇွတ်တိုးမယ်ဆိုရင်ဘာဖြစ်မလဲဆိုရင် confrontation တွေဖြစ်ကုန်မှာပေါ့။ ဒါကြောင့်မလို့ ကိုယ်တို့က ပိုပြီးကောင်းအောင် ဒါ့ထက်ကောင်းအောင် အနေအထားတွေဖြစ်အောင် မီဒီယာတွေကလည်း ပြည်သူတွေကို awareness လုပ်ပေးပါ”
ဦးမောင်မြင့်ဟာ ၂၀၁၀နဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေတုန်းက သူအနိုင်ရရှိခဲ့တဲ့ မင်းကင်းမြို့နယ်ကနေပဲ လာမယ့်ရွေးကောက်ပွဲမှာလည်း ဝင်ပြိုင်မှာဖြစ်ပြီး အဓိက ပြိုင်ဘက် အဖြစ် အန်အယ်လ်ဒီကိုယ်စားလှယ်လောင်း ဆောက်လုပ်ရေး ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒုဝန်ကြီးအနေနဲ့ မင်းကင်းမြို့နယ်မှာ သူ့ကိုအနိုင်ရဖို့အတွက် ဘတ်ဂျက်တွေ ပုံအောသုံးနေ တယ်လို့လည်း မင်းကင်းအမတ် ဦးမောင်မြင့်က စွပ်စွဲပြောကြားလိုက်ပါတယ်။
ဒါပေမဲ့ ပြည်သူတွေက သူ့ကိုထောက်ခံတဲ့အတွက် မကြောက်ဘဲ မနိုင်နိုင်တဲ့ အခွင့်ကောင်းကိုရှာပြီး တိုက်မယ်လို့ မင်းကင်းအမတ် ဦးမောင်မြင့်က ဒီဗွီဘီကို ပြောပါတယ်။
သတင်း - ထက်ဝေအောင်