မိုးမောက်မြို့နယ်တွင် လေပြင်းတိုက်ခတ်သဖြင့် ဓာတ်တိုင်များလဲကျပျက်စီး
DVB
·
August 4, 2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန်မြို့အနီးမှာ သြဂုတ် ၃ ရက် ညပိုင်းက လေပြင်းတိုက်ခတ်တဲ့အတွက် ဓာတ်တိုင် ၁၄ တိုင် လဲကျ ပျက်စီးခဲ့ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ဒေါ့ဖုန်းယန်မြို့နဲ့ ဖာကေကျေးရွာသွား လမ်းဘေးတလျှောက်ရှိ လျှပ်စစ်ဓာတ်မီးတိုင် ၁၄ တိုင် လဲပြိုပျက်စီးမှုဖြစ်ပွားခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ လျှပ်စစ်ခွဲရုံမှူးနဲ့ ဝန်ထမ်းတွေ၊ တပ်မတော်သားတွေက အပျက်အစီးတွေကို ရှင်းလင်းနေပြီး လျှပ်စစ်မီး ပြန်လည်ရရှိရေး ဒီနေ့ မနက်က ပူးပေါင်းဆောင်ရွက်နေပါတယ်။
လေပြင်းတိုက်ခဲ့တဲ့အတွက် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၃၅ သိန်း ဖိုးလောက်ရှိပြီး ပြည်သူတွေ လျှပ်စစ်မီးပြန်လည်အသုံးပြုနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
သတင်း- မင်းခန့်ကိုကို