Home
အနုပညာ
ထွန်းအိန္ဒြာဗိုနှင့် တင်ဇာမော်တို့၏ အွန်လိုင်းဂီတဖျော်ဖြေပွဲ ရွှေ့ဆိုင်း
DVB
·
August 4, 2020
Untitled-1
နာမည်ကြီး အမျိုးသမီး တေးသံရှင် ၂ ယောက်ဖြစ်ကြတဲ့ ထွန်းအိန္ဒြာဗိုနဲ့ တင်ဇာမော်တို့ အတူဖျော်ဖြေကြမယ့် Makeup Room Concert အွန်လိုင်းဂီတဖျော်ဖြေပွဲကို အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။        ဘယ်နေ့မှာ ပြန်လည်ကျင်းသသွားမယ်ဆိုတာကိုတော့ မသိရသေးပဲ Makeup Room Concert ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်ပေါ်မှာ ဒီအကြောင်းနဲ့ ပတ် သက်ပြီး ခုလိုရေးသားဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။        “Makeup Room Concert အွန်လိုင်းဂီတဖျော်ဖြေပွဲကြီးအား အကြောင်းအမျိုးမျိုး ကြောင့် ယခင်ကြေညာထားသော ဩဂုတ်လ(၅)ရက်နေ့တွင် ထုတ်လွှင့်ပြသနိုင်ခြင်း မရှိ တော့ဘဲ ဤပွဲစဉ်ကို ရက်ရွှေ့ဆိုင်းလိုက်ပါသည်။ ပြန်လည်ထုတ်လွှင့်ပြသမည့်ရက်နှင့် အချိန်ကို ကျွန်တော်တို့ Makeup Room Concert Facebook Page တွင် ထပ်မံ ကြေညာသွားပါမည်။ အဆင်မပြေမှုများအတွက် အထူးတောင်းပန်အပ်ပါသည်”        Makeup Room Concert လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ King 7 Dynasty ကုမ္ပဏီက စီစဉ်တင်ဆက်လိုက်တာဖြစ်ပြီး MPT အပလီကေးရှင်းကနေတဆင့် တိုက်ရိုက်လိုက်ဖ်လွှင့် ဖျော်ဖြေပေးသွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကတော့ အနုပညာရှင်တွေ စင်ပေါ်တက်ပြီး သီဆိုဖျော်ဖြေတာတွေ မလုပ်ကြခင် စတိတ်စင်ရဲ့နောက်ကွယ် Makeup Room ထဲကနေ ပရိသတ်ကို အွန်လိုင်း မှတဆင့် ဖျော်ဖြေမှုပေးတဲ့ ပုံစံမျိုးပဲ ဖြစ်ပါတယ်။ အသက် ၅၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ထွန်းအိန္ဒြာဗိုဟာ သရုပ်ဆောင်ဘက်မှာရော ဂီတအနုပညာဘက်မှာပါ ထင်ရှားသူတဦးဖြစ်ကာ ၁၉၉၁ ခုနှစ်မှာ ကြေးစားနှလုံးသားဆို တဲ့ ဗွီဒီယိုမှာ သရုပ်ဆောင်ရာမှ အနုပညာလောကထဲကို ရောက်ရှိလာခဲ့ပါတယ်။ လက်ရှိအချိန်ထိ ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးဖြစ်ကာ “နှောင်းတမြေ့မြေ့”၊ “အမေ့နို့ဖိုး”၊ “မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍” ရုပ်ရှင်ကားတွေနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆု ၃ ဆုကို ရရှိထားခဲ့သူ ဖြစ်ပါတယ်။ ဂီတဘက်မှာတော့ ပထမဆုံးသော တကိုယ်တော်တေးအယ်လ်ဘမ် “မင်းအတွက်ပဲ”ကို ၁၉၉၃ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ “နားလည်သင့်ပြီ”၊ ၁၉၉၇ ခုနှစ်မှာ “အိပ်မက်ညများ”၊ ၁၉၉၈ ခုနှစ်မှာ “ဆိုရင်”စတဲ့ တေးအယ်ဘမ်တွေ ကနဦးထွက်ရှိခဲ့တာပါ။ ဒါပေမဲ့ သူ့ကို ထွန်းအိန္ဒြာဗိုရယ်လို့ ပရိသတ်တွေကြား သိလာစေခဲ့တဲ့ တေးအယ်လ်ဘမ်ကတော့ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “1999”တေးအယ်လ်ဘမ်ပဲ ဖြစ်ပါ တယ်။ အဲဒီတေးအယ်လ်ဘမ်ထဲက သီချင်းတွေကတော့ ၁၉၇၀ ပြည့်လွန်ကာလက အဆိုတော် ပုလဲရဲ့ သီချင်းတွေကို ပြန်ဆိုတေးအယ်လ်ဘမ်အနေနဲ့ ထွက်ရှိခဲ့တာဖြစ်ပြီး ထွန်းအိန္ဒြာဗိုရဲ့ ကိုယ်ပိုင်သီဆိုဟန်နဲ့အတူ ပရိသတ် လက်ခံအားပေးမှုတွေ ရရှိခဲ့တာပါ။ နောက်ပိုင်းမှာတော့ “ဆန္ဒရှိတဲ့အဟောင်းများ”၊ “နေရာလေးတခု”၊ “နှစ်ယောက်မရှိဘူး”၊ “တမ်းတနေဆဲ”၊ “ရည်းစားဦး”၊ “ဒိုင်ယာရီ”စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအားလုံးဟာ ပရိသတ်တွေ တခဲနက်အားပေးမှုတွေ ရရှိခဲ့ပြီး အတွဲသီချင်းအယ်လ် ဘမ်တွေ အတော်များများမှာလည်း သီဆိုအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနု သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလမ်းမှုပြဿနာ’တကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီနောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင်’ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ’၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား’၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါ’စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်’၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ’၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောကကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲနဲ့အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ လက်ရှိ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင် တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013