Home
အနုပညာ
တင်ဇာမော်၏  “မချည်ထားတဲ့…လိပ်ပြာ” တေးအယ်လ်ဘမ်ထွက်မည်
DVB
·
January 22, 2021
139901007_10222639404346512_4710745644571014325_o
မြန်မာ့ဂီတလောကမှာ ထင်ရှားတဲ့ အမျိုးသမီး တေးသံရှင် တင်ဇာမော်ရဲ့ ၈ ချပ် မြောက် တကိုယ်တော်တေးအယ်လ်ဘမ်သစ် ဖေဖော်ဝါရီ ၇ ရက်မှာ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။ “မချည်ထားတဲ့…လိပ်ပြာ”လို့ အမည်ပေးထားတဲ့ ဒီတေးအယ်လ်ဘမ်ထဲမှာတော့ နာမည်ကြီး တေးရေးဆရာတွေဖြစ်ကြတဲ့ မျိုးကျော့မြိုင်၊ ရွှေဂျော်ဂျော်၊ မောင်မောင်ဇော်လတ်၊ ဖိုးကာ၊ နေဝါ၊ ထမ်းခေး၊ ကေနို၊ ဝေဠုစတဲ့ တေးရေးဆရာတွေရဲ့ သီချင်းတွေ ပါဝင်မှာဖြစ်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနုသီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလန်းမှုပြဿနာ’တကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီ နောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူနှစ်ဦးဆုံနိုင်ရင်’ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ’၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား’၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါ’စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်’၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ’၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောက ကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲနဲ့ အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ ပြီးခဲ့တဲ့ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင် တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013