ချောက်မြို့နယ် ဆားလယ်ကျေးရွာက ပုဂံခေတ်စေတီများနှင့် နံရံဆေးရေး ပန်းချီများ (ဓာတ်ပုံ)
DVB
·
August 1, 2020
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆားလယ်ကျေးရွာမှာ ပုဂံခေတ် စေတီတွေနဲ့ နံရံဆေးရေးပန်းချီတွေကို လာရောက်လေ့လာသူတွေ များလာတယ်လို့ သိရပါတယ်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန သုတေသနလက်ထောက် (၄) ဦးမြင့်ဆွေက “ဆားလယ်ဒေသမှာ ပုဂံခေတ် ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဘုရား ၄၁ ဆူရှိပြီး ၁၂ ရာစု၊ ၁၃ ရာစု လောက်က တည်ထားခဲ့တာဖြစ်ပါတယ်။ ယခင်က ရှေးဟောင်းဘုရား စေတီတော်တော်များများ ရှိခဲ့ပေမဲ့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားကာ ၂၀၁၆ ခုနှစ်က ပျက်စီးခဲ့တဲ့ စေတီ ၁၄ ဆူကိုလည်း ရှေးဟောင်းသုတေသနဌာနက ပြုပြင်ထိန်းသိမ်းထားတယ်” လို့ DVB ကို ပြောပါတယ်။
နံရံ ဆေးရေးပန်းချီတွေမှာ ၅၅၀ နိပါတ်တော်နဲ့ ဆင်းတုတော်တွေရဲ့ လက်ဝဲ လက်ယာမှာ အဂ္ဂသာဝက မဟာသာဝက ပုံတွေအပြင် ပုဂံခေတ် ဝတ်စားဆင်ယင်မှု၊ တိရစ္ဆာန်ပုံတွေ မြောက်မြားစွာ ပါဝင်တယ်လို့ ဆိုပါတယ်။
ပြည်တွင်း ပြည်ပ ဧည့်သည်တွေအနေနဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ အများအပြား လာရောက်တာဖြစ်ပြီး ဘုရားဖူး ဧည့်ရာသီမှာ ၁ လကို နိုင်ငံခြားသား ၁၅ ဦးလောက်နဲ့ ပြည်တွင်း ခရီးသွား ၁၀၀ ဦးလောက် လာရောက်လေ့လာကြတယ်လို့ ဦးမြင့်ဆွေက “ဒါ့အပြင် ရန်ကုန်၊ မန္တလေး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း ညအိပ် တည်းခိုကာ စာတမ်းပြုစုဖို့ လာရောက်တာတွေလည်း ရှိတယ်”လို့ ဆိုပါတယ်။
ဆားလယ်ကျေးရွာဒေသခံဖြစ်တဲ့ ရှေးဟောင်းသုတေသန ဝန်ထမ်းနှစ်ဦးရှိပြီး ဆိတ်ကျောင်း၊ နွားကျောင်းသားတွေ ဖျက်ဆီးတာတွေ မရှိအောင် ရွာသူရွာသားတွေ ဝိုင်းဝန်းထိန်းသိမ်းထားပါ
တယ်လို့ ဆားလယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက ပြောပါတယ်။
နံရံဆေးရေးပန်းချီတွေအနေနဲ့ ယခင်က ထင်ထင်ရှားရှားတွေ့ရပြီး ရာသီဥတုကြောင့် ပျက်စီးတာတွေ ရှိပေမဲ့ ဘုရား အမှတ် ၁၃ နဲ့ ၁၅ မှာ ထင်ထင်ရှားရှား မြင်တွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် စေတီတွေကို ရှေးဟောင်းသုတေသနအဖွဲ့အနေနဲ့ ၁၉၆၂ ခုနှစ်မှာ ဦးငြိမ်းမောင် ဆိုသူက စတင်ထိန်းသိမ်းခဲ့တာလို့ ဘုရားမှာ ရေးထိုးထားတဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ပြည်တွင်း ပြည်ပခ ရီးသွားတွေအနေနဲ့ ဒုတိယပုဂံလို့ တင်စားခေါ်ဝေါ်တဲ့ ပုဂံခေတ်လက်ရာ စေတီပုထိုးတွေကို လာရောက်လေ့လာမယ်ဆိုရင် ရေနံချောင်းမြို့ သုံးဆယ့်ခြောက်ကျေးရွာကနေ မြေနီလမ်းအတိုင်း ၆ မိုင်လောက် ဝင်ရောက်ပြီး ဖူးမြော်လေ့လာနိုင်တယ်လို့ သိရပါတယ်။
မင်းထီး