ကရင်အမျိုးသားပါတီ မဲဆန္ဒနယ် ၁၀ နေရာကျော်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည်
နော်နိုရင်း
·
July 28, 2020
ကရင်တိုင်းရင်းသားပါတီတခုဖြစ်တဲ့ ကရင်အမျိုးသားပါတီ (KNP) အနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၁၀ ခုကျော်ဝင်ရောက်ယှဉ်ပြိုင်ဖို့ရှိတယ်လို့ ပါတီ ဒု-ဥက္ကဋ္ဌ မန်းထိန်ဝင်းစိန်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့က ၁၀ နေရာကျော်မယ်။ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်နဲ့ ကယားပြည်နယ်။ ကယားပြည်နယ်မှာက ပြည်နယ်လွှတ်တော် ၂ ယောက်နဲ့ ပြည်သူ့လွှတ်တော် ၁ ယောက်ပေါ့နော်။ ကျန်တဲ့နေရာတွေကတော့ ပါတီက မထုတ်ပြန်သေးတော့ ကျနော်အသေးစိတ်မပြောလို့ မသင့်တော်သေးဘူး။”
ကရင်အမျိုးသားပါတီအနေနဲ့ ကရင်ပြည်သူ့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့်နေရာတွေထဲက တချို့ထပ်ကောင်းထပ်နိုင်တယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲဝင်ရောက်မယ့်ပါတီတွေအနေနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ဆောင်ဖို့ ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက်ကြောင်း အခက်အခဲ ဖြစ်နေတယ်လို့လည်း မန်းထိန်ဝင်းစိန်က ပြောပါတယ်။
“ဘယ်နေ့ဘယ်ရက်တော့ စည်းရုံးလို့ရပြီလို့ ယူအီးစီရဲ့ တာဝန်ပိုင်း ကတော့ ပြောတယ်။ ဒါပေမဲ့အရေးပေါ်အခြေအနေ ကိုဗစ်-၁၉ ကိစ္စကျတော့ အဲဒီအမိန့်က ဒီတိုင်းရှိနေတဲ့အခါကျတော့ အာဏာရပါတီကတော့ တနည်းမဟုတ် တနည်းနဲ့ သူတို့က လုပ်သွားလို့ရတယ်။ အာဏာရပါတီမဟုတ်တဲ့ပါတီတွေက လုပ်ဖို့အခက်အခဲအများကြီးရှိတယ်။ အဲတော့ ယှဉ်ပြိုင်မှုက အတော်တော်ကြီးကို ကွာဟာနေတယ်။ အဲသလောက်ပဲ ပြောချင်ပါတယ်။ ”
ကရင်အမျိုးသားပါတီဟာ ၂၀၁၄ နှစ်မှာ ပါတီမှတ်ပုံတင်ခွင့်ရရှိထားပြီး ကရင် အမျိုးသားများ အပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး နိုင်ငံရေး အရ တန်းတူရည်တူအခွင့်အရေးရရှိဖို့၊ တိုင်းရင်းသားတွေ မမျှော်မှန်းထားတဲ့ စစ်မှန်တဲ့ ပြည်ထောင်စုတရပ်ပေါ်ထွန်းစေရေးနဲ့ တိုင်းရင်းသားအားလုံး လုံခြုံမှုပေးနိုင်တဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ရည်ရွယ် တည်ထောင်ထားတဲ့ပါတီဖြစ်ပါတယ်။