ဧရာဝတီမြစ်ရေနှင့် ချင်းတွင်းမြစ်ရေ မြို့အချို့တွင် စိုးရိမ်ရေမှတ်အနီးရောက်ရှိ
DVB
·
July 27, 2020
ဧရာဝတီမြစ်ရေဟာ မြို့ ၈ မြို့မှာ စိုးရိမ်ရေမှတ်နားကိုရောက်နေပြီး ချင်းတွင်းမြစ်ရေ ဟာတော့ ဖောင်းပြင်မြို့မှာ စိုးရိမ်ရေမှတ်အထက်၊ ဟုမ္မလင်းမြို့နဲ့ မော်လိုက်မြို့ရဲ့ စိုးရိမ်ရေမှတ်နား ကို ရောက်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက် အရသိရပါတယ်။
ဒီနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းတာရရှိတဲ့ အချက်တွေအရ ဧရာဝတီမြစ်ရေဟာ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ညောင်ဦးနဲ့ ဆိပ်သာမြို့တို့ရဲ့ စိုးရိမ်ရေမှတ်နားကို ရောက်နေတာပါ။
ကချင်ပြည်နယ်ရွှေကူမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၂၈ စင်တီမီတာ (၁၁ လက်မလောက်)၊ စစ်ကိုင်းတိုင်း ကသာမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၁၅ စင်တီမီတာ (၆ လက်မလောက်)၊ မန္တလေးတိုင်း သပိတ်ကျင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၈ စင်တီမီတာ (၃ လက်မလောက်)၊ မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၁၇ စင်တီမီတာ (၆ လက်မခွဲ)၊ မှာရှိနေတာပါ။
ဒါ့အပြင် စစ်ကိုင်း မြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၉ စင်တီမီတာ (၃ လက်မခွဲ)၊ စစ်ကိုင်းတိုင်း မြင်းမူ မြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၂၂ စင်တီမီတာ (၈ လက်မခွဲ)၊ မန္တလေးတိုင်း ညောင်ဦး မြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၇ စင်တီမီတာ (၃ လက်မလောက်)၊ ဆိပ်သာ မြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၂ စင်တီမီတာ (၁ လက်မလောက်) အသီးသီးရှိနေပါတယ်။
ချင်းတွင်းမြစ်ရေကတော့ ဖောင်းပြင်မြို့ စိုးရိမ်ရေမှတ်အထက် ၄၇ စင်တီမီတာ (၁၈ လက်မခွဲ) မှာရှိနေပြီး ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၃ စင်တီမီတာ (၁ လက်မ)၊ မော်လိုက်မြို့ရဲ့ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၁၃ စင်တီမီတာ (၅ လက်မ) မှာရှိနေပါတယ်။
စစ်ကိုင်းတိုင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “စိုးရိမ်ရေမှတ်အထက်ရောက်နေတာက ထီးချိုင့်နဲ့ ဖောင်းပြင်တို့မှာ ၁ ပေကျော်စီ မြင့်တက်နေပါတယ်။ စစ်ကိုင်းတိုင်းထဲမှာတော့ ဧရာဝတီမြစ်ရေကြောင့် ကသာနဲ့ထီးချိုင့်၊ ချင်းတွင်းမြစ်ရေကြောင့် ခန္တီးနဲ့ဟုမ္မလင်းတို့မှာ အိမ်တွေ ပြောင်းရွှေ့ခဲ့ရပါတယ်” လို့ ပြောပါတယ်။
အဲဒီမြို့တွေမှာ အိမ် ၁၇ လုံးကို ကြိုတင်ဖျက်ပြီး ပြောင်းရွှေ့ခဲ့ရပြီး လူဦးရေ ၄၀၀၀ ကျော်ကတော့ ရေဘေးကြောင့် ပြောင်းရွှေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလူတယောက်ချင်းစီအတွက် တရက်ကို ကျပ် ၃၀၀ နှုန်းနဲ့ တပတ်စာဆန်ရိက္ခာဖိုးထောက်ပံ့ပေးထားပြီး ပြောင်းရွှေ့ခဲ့ရတဲ့အိမ်တအိမ်စီအတွက် ကျပ် တသိန်း၊ ၁၀ မျိုးပါ ထောက်ပံ့ပစ္စည်းတွေပေးထားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတွေနဲ့ ဆပ်ပြာတွေလည်း ပေးထားလို့ စုစုပေါင်း ကျပ်သိန်း ၁၀၀ ကျော် ထောက်ပံ့ထားပြီလို့ ဆိုပါတယ်။
ဒီနေ့မှာလည်း ရွှေကူ၊ ကသာ၊ ဟုမ္မလင်းနဲ့ ဗန်းမော်မြို့တို့မှာ မိုးရေချိန် ၁ လက်မခွဲကနေ ၃ လက်မလောက်ထိ ရွာခဲ့တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။