ရုပ်ရှင်နှင့် ဗွီဒီယိုများ ပြန်လည် ရိုက်ကူးနိုင်ပြီ
DVB
·
July 27, 2020
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် လအတန်ကြာရပ်နားထားခဲ့တဲ့ ရုပ်ရှင်၊ ဗွီဒီယိုတွေ ရိုက်ကူးတာကို ပြန်လည်ခွင့်ပြုလိုက်ပြီလို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန် ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြခဲ့ပြီးနောက် ကော်မတီက ပြန်လည် အကြောင်းကြားလာခဲ့တာပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ရမှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံစိတ်ချရဖို့အတွက် ရိုက်ကွင်းတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် ရုပ်ရှင်၊ ဗွီဒီယိုနဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးမယ့်သူတွေအနေနဲ့ ဇာတ်ကားအမည်၊ ရိုက်ကူးမယ့် နေရာ အချိန်နဲ့ လူဦးရေတို့ကို အနည်းဆုံး တပတ်ကြိုတင်ပြီး ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ဆီကို စာရင်းပေးပို့ရမှာဖြစ်ပါတယ်။
ကြော်ငြာ၊ ဇာတ်လမ်းတွဲ၊ MTV သီချင်း၊ ရုပ်ရှင်၊ ဗွီဒီယို ရိုက်ကူးချင်သူများအားလုံး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲထံ အနည်းဆုံး တစ်ပတ် ကြိုတင် သတင်းပေးပို့ကြဖို့လည်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကလည်း အသိပေး ကြေညာထားပါတယ်။
ရုပ်ရှင်ရိုက်ကူးမယ့်သူတွေကို ကျန်းမာရေးဌာနက ဖြန့်ဝေထားတဲ့ လက်စွဲစာစောင်တွေနဲ့ စစ်ဆေးရမယ့်အချက်အလက်တွေကို လုပ်ဆောင်ဖို့၊ ကျန်းမာရေးဆိုင်ရာ လာရောက်စစ်ဆေးတာမှာ ပူးပေါင်းဆောင်ရွက်ဖို့ မှာကြားထားတယ်လို့လည်း ပြန်ကြားရေးဝန်ကြီးဌာနက ဆိုပါတယ်။