ဘီးလင်းမြို့နယ်၌ လေဆင်နှာမောင်းတိုက်ခတ်ပြီး ၃ ဦးဒဏ်ရာရ၊ နေအိမ် ၁၅ လုံးပျက်စီး
DVB
·
July 23, 2020
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာ၊ ၇ အိမ်တန်းမှာ ဇူလိုင် ၂၂ ရက်နေ့၊ ညနေ ၄ နာရီဝန်းကျင်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့ရာမှာ အမျိုးသမီး ၃ ဦး ပြင်ပဒဏ်ရာများ (မစိုးရိမ်ရ)ရရှိခဲ့ပြီး လူနေအိမ် ၁၅ လုံး ပျက်စီးဆုံးရှုံး သွားပါတယ်။
ဘီးလင်းမြို့အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ စုစည်းအားမာန်အသင်းဥက္ကဋ္ဌ ဦးဆန်းနိုင်က "ညနေ ၄ နာရီ ၁၅ လောက်မှာ မိုးသားတွေမဲတက်လာပြီး လေဆင်နှာမောင်းပုံသဏ္ဍာန် လေပွေကနေ တဖြည်းဖြည်းကြီးလာပြီး အိမ်ခေါင်မိုးတွေကို ဆွဲလှန်သွားတာပါ။ အရင်ကဒါမျိုး တခါမှ မဖြစ်ဖူးဘူး။ အိမ်က ၁၅ လုံးအမိုးလန်ပြီး လူ ၃ ဦးက ပွန်းပဲ့ဒဏ်ရာရသွားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျဉ်ခင်း ထရံကာ၊ သွပ်/ဖက်မိုး လူနေအိမ် ၁၅လုံးမှာ အမိုးလန်ကာ ထုတ်တန်းတွေကျိုးပျက်သွားပြီး တန်ဖိုး ငွေကျပ်သိန်း ၅၀၀ ကျော်ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
နေအိမ်ပျက်စီး ဆုံးရှုံးခဲ့သူတွေကို လတ်တလောမှာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီတည်းခိုဖို့ စီစဉ်ပေးထားပြီး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတွေက အမြန်ဆုံးပြန်လည်ပြုပြင်ပေးသွားမယ်လို့ သိရပါတယ်။
ယူမင်းစိုး