Homeမြန်မာသတင်း
တပ်မတော်က မြေယာသိမ်းယူပြီး တောင်သူ ၄၇ ဦးကို တရားစွဲဆိုမှု ရှမ်းလူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်
တပ်မတော်က မြေယာသိမ်းယူပြီး တောင်သူ ၄၇ ဦးကို တရားစွဲဆိုမှု ရှမ်းလူ့အခွင့်အရေးအဖွဲ့ ကန့်ကွက်
နန်းမြနဒီ
·
July 22, 2020
တပ်မတော်အနေနဲ့ ဒေသခံတိုင်းရင်းသားတွေ ဓားမဦးချလုပ်ကိုင်စားသောက်ခဲ့တဲ့ မြေယာတွေကို သိမ်းယူပြီး တောင်သူတွေကို တရားထပ်စွဲတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်စေပြီး ဒေသခံပြည်သူတွေရဲ့ အခွင့်အရေးကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဌိုင်အဖွဲ့က ပြောပါတယ်။
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ခိုလမ်မြို့က ဒေသခံတောင်သူ ၄၇ ဦး လုပ်ကိုင်စားသောက်နေတဲ့ မြေဧကပေါင်း ၄၀၀ ကျော်ကို အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်မြေအဖြစ်သိမ်းယူပြီး အဲဒီမြေပေါ်ပြန်စိုက်ပျိုးနေတဲ့ တောင်သူတွေကို လယ်ယာမြေကျူး ကျော်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲထားတာနဲ့ ပတ်သက်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဌိုင်က ခုလို ပြော ဆိုလိုက်တာပါ။
ရှမ်းလူ့အခွင့်အရေးမဏ္ဌိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က “အခုချိန်ဟာ အစိုးရက ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်ဖြစ်တယ်။ တပ်မတော်အနေနဲ့ လည်း ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ပြည်သူတွေ ကြပ်တည်းဆင်းရဲစေမယ့်ကိစ္စ၊ မကျေနပ်စေတဲ့ ကိစ္စ၊ ဆူပူအုံကြွမှုဖြစ်ပေါ်စေမယ့်ကိစ္စမျိုးကို ရှောင်ရှားသင့်ပါတယ်။ ဖိနှိပ်အနိုင်ကျင့်ခံရတာတွေ များလာတယ်ဆိုရင် လူတွေကအောင့်အည်းသည်းခံနိုင်တော့မှာ မဟုတ်ဘဲ ပြန်ပြီးအုံကြွတော်လှန် တတ်ပါတယ်။ ဒါဆိုရင်နယ်မြေမအေးချမ်းနိုင်ပါဘူး။ ”လို့ ပြောပါတယ်။
ဒီမြေတွေက ဒေသခံတွေ နှစ်ပေါင်းရှည်ကြာ လုပ်ကိုင်စား သောက်လာတာ စစ်တပ်ရောက်မလာခင်ကတည်းကဖြစ်ပြီး တပ်မတော်အနေနဲ့ သူတို့မြေကို ပြန်ပေးပြီး ခြိမ်းခြောက်တာ၊ တရားစွဲထားတာတွေလည်း ပြန်ရုပ်သိမ်းပေးစေလိုတယ်လို့လည်း ပြောပါတယ်။
ခိုလမ်မြို့အရှေ့ဘက်ခြမ်းမှာ ရှိတဲ့အဆိုပါမြေတွေဟာ ဘိုးဘွားစဉ်ဆက်နေလာခဲ့တဲ့ရွာသား တွေရော၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က ရှမ်းပြည်တပ်မတော်နဲ့ မြန်မာ့တပ်မတော်တို့ တိုက်ပွဲဖြစ်တော့ လမ်းမကြီးအတွင်းပိုင်းက ရွာတွေကို လမ်းဘေးကိုအတင်းအကြပ်ပြောင်းရွှေ့ပြီး တဲကုပ်သာသာမှာ လာရောက်စုစည်းနေထိုင်ခဲ့ရတဲ့ရွာသားတွေပါ ပါဝင်ပါတယ်။
သူတို့ဟာ နေရာဟောင်းက အိမ်ကြီးတွေ၊ ခြံတွေကိုစွန့်ပြီး နေရာသစ်မှာ ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးပြီး ပြန်ထူထောင်နေရာမှ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ စစ်တပ်က တပ်ပိုင်မြေ ဖြစ်ကြောင်း ဆိုင်းဘုတ်လာစိုက်ခဲ့ပြီး တောင်သူတွေကိုလည်း မြို့နယ်ရုံးမှာ ဝန်ခံချက်လက်မှ တ်တွေထိုးခိုင်းခဲ့ပါတယ်။
တောင်သူတွေက လက်မှတ်ထိုးမပေးဘဲ အဲဒီခြံမှာဘဲ ဆက်ပြီးထွန်ယက်စိုက်ပျိုးတဲ့အတွက် ခလရ ၆၆ တပ်မတော်အရာရှိ တစ်ဦးက တရားလိုပြုပြီး ပုဒ်မ ၄၄၇ နဲ့တရားစွဲလိုက်တာပါ။
တောင်သူတွေဟာ တရားရင်ဆိုင်ဖို့ သူတို့ရွာကနေ ကားစီးရင် တစ်နာရီကြာတဲ့ နမ့်စန်မြို့နယ်တရားရုံးကို အကြိမ်ကြိမ်သွားခဲ့ရပြီး တရားရုံးသွားတဲ့နေ့ တစ်နေကုန်ကြာတာကြောင့် အလုပ်အကိုင်တွေလည်း ပျက်နေရသလို မြေယာမဲ့ဖြစ်ရတာကြောင့် စိတ်ဖိစီးမှုတွေလည်း ခံနေကြရပါတယ်။
သိမ်းဆည်းခံမြေတွေ ပြန်ရရေးအတွက် နမ့်စန်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လည်း တရားဥပဒေဘောင်ထဲကနေ လိုက်လံဆောင်ရွက်ပေးနေပါတယ်။