မြဝတီခရိုင်တွင် မိုင်းပေါက်ကွဲပြီး ကျောင်းသား ၄ ဦးဒဏ်ရာရ၊ ၁ ဦးစိုးရိမ်ရ
DVB
·
July 22, 2020
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီခရိုင် ထီးဝါ့ကလေ့ကျေးရွာအုပ်စု၊ သေ့ဝါ့ပူကျေရွာအနီး လယ်ကွက်ထဲမှာ ဇူလိုင် ၂၁ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်က မိုင်းဟောင်း တစ်လုံးပေါက်ကွဲပြီး ကျောင်းသား လူငယ် ၄ ဦး ဒဏ်ရာရသွားပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် စောဆာသူးလေ ၁၃ နှစ်၊ စောပေါ်ကူ ၁၂ နှစ်၊ စောမောင်ခန့် ၁၄ နှစ်နဲ့ စောကျော်ကလယ် ၁၃ နှစ်တို့ ၄ ဦးမှာ ဒဏ်ရာအသီးသီးရရှိပြီး မြဝတီမြို့ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။
စောဆာသူးလေကတော့ ယာဘက် လက်ကောက်ဝတ်ပြတ်ဒဏ်ရာ၊ မျက်လုံးဒဏ်ရာနဲ့ ဦးခေါင်းမှာ မိုင်းစထိမှန်ဒဏ်ရာတို့ရရှိပြီး စိုးရိမ်ရတဲ့ အခြေအနေကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှု ခံယူဖို့ စီစဉ်နေပါတယ်။
အဆိုပါ ကလေးငယ်တွေဟာ ရွာအနီးရှိ ယခင်လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့ရဲ့ စခန်းဟောင်းနေရာမှာ သွားရောက်နွားကျောင်း နေစဉ် မိုင်းဟောင်းကိုထိမိလို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာရှိခဲ့တဲ့ လူငယ်တွေကို အစိုးရဌာနဆိုင်ရာတွေနဲ့ စေတနာရှင်တွေက ဆေးဝါးကုသ စရိတ် ငွေတွေ ထောက်ပံ့ကူညီပေးထားပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မြဝတီမြို့ အမှတ် ၃ ရပ်ကွက်ထဲမှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း - ဖိုးစီ