Homeမြန်မာသတင်း
မင်းကင်း၌ အာဇာနည်ခေါင်းဆောင်ကြီးများကိုဂုဏ်ပြုသည့်အနေဖြင့် ချင်းတွင်းမြစ်အတွင်း ရေမျော ဂုဏ်ပြု
မင်းကင်း၌ အာဇာနည်ခေါင်းဆောင်ကြီးများကိုဂုဏ်ပြုသည့်အနေဖြင့် ချင်းတွင်းမြစ်အတွင်း ရေမျော ဂုဏ်ပြု
DVB
·
July 19, 2020
မင်းကင်းမြို့မှာ ကျင်းပတဲ့ ၇၃ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုသောအားဖြင့် ချင်းတွင်းမြစ်အတွင်း ရေမျောဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှာ အာဇာနည်နေ့အခမ်းအနားကို လွမ်းသူ့ပန်းခွေတွေအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်လက်တွေပါတဲ့ ဗီနိုင်းတွေကို ဖောင်ဖွဲ့တင်ဆောင်ကာ ချင်းတွင်းမြစ်အတွင်း ရေမျောဂုဏ်ပြုခဲ့ကြတာပါ။
မင်းကင်းမြို့နေ ဦးစိုးလင်းမောင်က "နောင်လာနောက်သားတွေဟာ အာဇာနည် ၉ ဦးဟာ ဘာလဲဆိုတာကို မသိကြဘူး။ မသိကြတဲ့အတွက် ကျနော်တို့ မင်းကင်းမြို့ကနေပြီးမှ မြန်မာတနိုင်ငံလုံးသိအောင် ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ၉ ဦးကို ဒီမင်းကင်းမြို့ကနေ ရေမျှောပြီး ဂုဏ်ပြုလုပ်လာတာ ဒီနှစ်ရောဆို ၃ ကြိမ်မြောက်ဖြစ်ပါတယ်။ ဒီနှစ်မှာ တတ်နိုင်သလောက် အကျဉ်းချုံးလုပ်တဲ့အတွက်ကြောင့် စည်ကားမှုတော့မရှိပါဘူး။ ပုံမှန်အတိုင်းလုပ်နေကြဆိုရင် ဒီနေရမှာ တမြို့လုံး လာရောက် ဂုဏ်ပြုကြတာ" လို့ ပြောပါတယ်။
မင်းကင်းမြို့ အာဇာနည်နေ့အခမ်းအနားကို သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ နိုင်ငံရေးပါတီတွေက လွမ်းသူ့ပန်းခွေတွေနဲ့ လာရောက်ဂါရဝပြုခဲ့ကြပါတယ်။
ဦးဆောင်သူတစ်ဦးဖြစ်သူ ဒေါက်တာ သိန်းဇော်က "အခုလိုလုပ်ဆောင်ရတာဟာ နိုင်ငံအတွက် အသက်စွန့်သွားတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးများကို မမေ့သင့်ဖို့နဲ့ အရည်အချင်းရှိတဲ့ပုဂ္ဂိုလ်များ တိုင်းပြည်မှာဖြစ်ပေါ်လာအောင်၊ လူငယ်တွေအားကျလာအောင် ရည်ရွယ်တာ” လို့ ပြောပါတယ်။