ဧရာဝတီတိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၅၇၀၀ ကျော် စီစဉ်ထား
DVB
·
July 16, 2020
၂၀၂၀ ရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းအတွင် မဲပေးနိုင်ဖို့ မဲရုံစုစုပေါင်း ၅၇၀၀ ကျော်ကို စီစဉ်ထားရှိတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌဦးအောင်မြင့် က ပြောပါတယ်။
“တိတိကျကျတော့ မဟုတ်ဘူး။ အကြမ်းဖျင်းဆိုရင် ၅၇၀၀ ကျော် စီစဉ်ထားပါတယ်။ ၂၀၁၅ တုန်းနဲ့ သိပ်မကွာဘူး။ နဲနဲပိုများလာတယ်”
၂၀၁၅ ရွေးကောက်ပွဲတုန်းက တပ်တွင်းမှာ မဲရုံထားတဲ့အတွက် နိုင်ငံရေးပါတီတွေနဲ့ လာရောက် လေ့လာစောင့်ကြည့်သူတွေ ဝင်ရထွက်ရခက်ခဲပြီး အခု ၂၀၂၀ ရွေးကောက်ပွဲမှာတော့ တပ်အပြင်မှာ တပ်မဲရုံထားရှိဖို့ စီစဉ်ထားတာကြောင့် ပိုပြီး အဆင်ပြေမှာ ဖြစ်တယ်လို့ တိုင်းကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဆိုပါတယ်။
“ဧရာဝတီတိုင်းဒေသကြီးမှာ တပ်မဲရုံ သီးသန့်သိပ်မများဘူး။ နည်းနည်းလေး။ အရပ်နဲ့ပေါင်းပြီး မဲပေးတာ အားလုံးအဆင်ပြေတယ်။ စစ်တပ်ကလည်း အရပ်နဲ့ ပေါင်းပြီးပေးမယ်။ သူတို့လည်း အဲဒီအတိုင်း ဆန္ဒရှိတယ်”လို့ ဧရာဝတီတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။
တချို့တပ်ရင်း တပ်ဖွဲ့တွေကတော့ အဝေးကြီးဖြစ်နေလို့ အရပ်ထဲက မဲရုံတွေမှာ အရပ်သားတွေနဲ့ ပေါင်းပြီး မဲပေးဖို့ အခက်အခဲရှိနိုင်တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးမှာ မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၄၄ သိန်းကျော် ရှိပါတယ်။ ပထမအကြိမ် မဲစာရင်း ကပ်ဖို့ တိုင်းကော်မရှင်အဖွဲ့ခွဲက အဆင့်သင့်ဆောင်ရွက်ထားရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။