ဝမ်းတွင်းမြို့အနီး ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
July 15, 2020
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့အနားမှာ ပြင်းအား ရစ်(ခ်)တာစကေး ၃ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဒီနေ့မနက်က လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၅ ရက်၊ မြန်မာစံတော်ချိန် မနက် ၇ နာရီ၊ ၄၈ မိနစ်၊ ၅၃ စက္ကန့် အချိန် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် ၇၁ မိုင်လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ဝမ်းတွင်းမြို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၉၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၁၁ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်လှုပ်သွားတာ ဖြစ်ပါတယ်။
မနေ့ညနေ ၄ နာရီလောက်ကလည်းတမူးမြေငလျင်စခန်းမှ တောင်ဘက် ၆၁ မိုင်လောက်ဝေးတဲ့ ကလေးဝမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၉ မိုင်လောက် အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးဇလထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ - မိုးဇလ