တရုတ်တွင် ရေကြီးမှုသတိပေးချက် ဒုတိယအမြင့်ဆုံး တပ်လှန့်
DVB
·
July 13, 2020
တရုတ်အာဏာပိုင်တွေက နိုင်ငံတွင်းရေကြီးမှု သတိပေး တပ်လှန့်ချက်ကို ဇူလိုင်လ ၁၂ ရက်မှာ ဒုတိယအမြင့်ဆုံးအဆင့်ထိ မြှင့်တင်လိုက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်တိုး လုပ်ဆောင်နေပါတယ်။
တရုတ်နိုင်ငံရဲ့အကြီးဆုံး ရေချိုကန်ပိုယန်မှာ စိုးရိမ်ရေမှတ် ၆၄ ပေကို ကျော်လွန်ပြီး ရေမျက်နှာပြင်က ၇၄ ပေထိ သမိုင်းဝင်စံချိန်တင် မြင့်တက်ခဲ့လို့ ကန်ရဲ့အနီးဝန်းကျင်မှာ ရေကြီးနေ ပါတယ်။
ပြည်နယ်တွင်း စစ်ဘက်အာဏာပိုင်တွေက ကူညီကယ်ဆယ်ရေး အားဖြည့်ဖို့ ထောင်ချီတဲ့ စစ်သည်တွေကို ကန်ရဲ့ ကမ်းပါးနဲ့ ၆မိုင်အကွာဆီ တပ်ဖြန့် စေလွှတ်ထားတယ်လို့ အစိုးရမီဒီယာ စီစီတီဗီက ပြောပါတယ်။
တရုတ်နိုင်ငံမှာ ရေကြီးမှု အရေးပေါ်သတိပေးချက်ကို လေးဆင့် သတ်မှတ်ထားပြီး အဆင့်တစ်က အဆိုးရွားဆုံးအဆင့်ကို ကိုယ်စားပြုပါတယ်။
ဒီနှစ် ရေဘေးမှာ တရုတ်နိုင်ငံအတွင်း လူ ၁၄၁ ယောက် သေဆုံး ပျောက်ဆုံးခဲ့ပြီး လယ်မြေ ဟက်တာ ၃ ဒသမ ၅၃ သန်း ပျက်စီးကာ အိမ်ခြေ ၂၈,၀၀၀ ပျက်စီးခဲ့ပါတယ်။
စီးပွားရေးအရ ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၅ ဘီလီယံဖိုး ရှိခဲ့တယ်လို့ အစိုးရသတင်းဌာန ရှင်းဟွာက ဇူလိုင်လ ၁၂ရက်မှာ ကြေညာခဲ့ပါတယ်။