ပန်းတနော်တွင် မိကျောင်းပေါက် ၁ ကောင် ဖမ်းမိ (ဓာတ်ပုံ)
DVB
·
July 12, 2020
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ အထက်ကဇင်တောကျေးရွာ မြစ်ချောင်းအတွင်းမှာ ဇူလိုင် ၁၁ ရက်နေ့က တုပ်တန်းထောင်ထားရာမှ မိကျောင်းပေါက် ၁ ကောင် ဖမ်းမိခဲ့ပါတယ်။
မိကျောင်းပေါက်မှာ အလျား ၃ ပေခန့်ရှိပြီး မြစ်ချောင်းအတွင်း ထောင်ထားခဲ့တဲ့ တုပ်တန်းအတွင်း မိနေတာလို့ ချောင်းကြီးလူမှုကူညီရေးအသင်းမှ ကိုမျိုးဆက်က DVB ကို ပြောပါတယ်။
“တုပ်တန်းဆိုတာက မြုံးအကြီးစားပုံစံမျိုးပါ၊ အဲဒီအထဲမှာ ညထဲက မိနေတာဆိုတော့ ရေမွန်းပြီး သေသွားတာဖြစ်ဖို့များတယ်၊ သေဆုံးခဲ့တဲ့ မိကျောင်းကို မြစ်ထဲကို ပြန်မျှောပေးလိုက်တယ်။”
မိကျောင်းပေါက် ဖမ်းမိခဲ့တဲ့ အထက်ကဇင်တောင်ကျေးရွာဟာ ပန်းတနော်မြို့နယ်နဲ့ ညောင်တုန်း မြို့နယ်နယ်စည်းခြားမှာ ရှိတာဖြစ်ပြီး အိမ်ခြေ ၉၀ ကျော်ရှိတဲ့ မြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာ ဖြစ်တာမို့ ကျေးရွာနေပြည်သူအများစုကတော့ မိကျောင်းအကြီး ထပ်မံတွေ့ရှိပြီး လူကို အန္တရာယ်ပြုမှာကို ကြောက်ရွံ့စိုးရိမ်နေကြတယ်လို သိရပါတယ်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကတော့ မိကျောင်းပေါက်တွေ့ရှိတာနဲ့ ပတ်သက်ပြီး မြစ်ချောင်းနှင့် ဆက်စပ်နေတဲ့ ကျေးရွာအုပ်စုတွေမှာ နေထိုင်တဲ့ ပြည်သူတွေကို မိကျောင်း အန္တရာယ် သတိပြုစေဖို့ လိုက်လံနှိုးဆော်တာတွေလည်း ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းတနော်မြို့နယ်မှာ ၂၀၁၃ ခုနှစ်အတွင်းကလည်း အခုမိကျောင်းငယ် ဖမ်းမိခဲ့တဲ့ ကျေးရွာ အုပ်စုအနီး မိကျောင်း ၁ ကောင်ကို သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းတွေက လာရောက်ဖမ်းဆီးခဲ့ဖူးတယ်လို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)