စိုက်ပျိုးစပါးဧက ၁၀၀ ကျော် ဖျက်ဆီးခံရသဖြင့် အင်းတော်ကြီး လယ်သမားများ တိုင်ကြား
DVB
·
July 12, 2020
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးချောင်းဝအုပ်စု OSS ရေနှစ်မွှာကွင်းမှာ စပါးစိုက်ပျိုးထားတဲ့ လယ်မြေ ဧက ၁၀၀ ကျော်ကို ရွှေနဂါးမင်းကုမ္ပဏီက ဝင်ရောက်ဖျက်ဆီးနေတဲ့အတွက် လယ်သမားတွေက မိုးညှင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဇူလိုင် ၁၀ ရက်ည ၇ နာရီလောက် လာရောက်တိုင်ကြားခဲ့ပါတယ်။
အဲဒီမြေနေရာဟာ ရွှေနဂါးမင်းကုမ္ပဏီနဲ့ လယ်သမားများ လယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာဖြစ်ပြီး ကုမ္ပဏီဘက်က ထွန်စက်တွေနဲ့ ဇူလိုင် ၆ ရက်နေ့ကတည်းက စတင်ဝင်ရောက်ဖျက်ဆီးနေတာလို့ လယ်သမားဦးသန်းထွေးက ပြောပါတယ်။
“စပါးစိုက်ပျိုးပြီးသားဧက ၂၀ ဖျက်ခံရတဲ့အတွက် ပြန်စိုက်လို့လည်း ရာသီချိန်မမီ၊ တကွက်မှလည်းမကျန်၊ ချေးငွေလည်း ဆပ်စရာမရှိကို ဗစ်ကာလ မိသားစုဒုက္ခရောက်ရပြီ။”
လယ်သမားအကျိုးဆောင်ရွက်သူ ဒေါ်မိုးအေးလှိုင်က “ကုမ္ပဏီဘက်က ထွန်စက် ၇ စီးနဲ့ စပါးစိုက်ထားတဲ့ လယ်တွေ လာဖျက်ပါတယ်။ အဲဒီနေ့မှာပဲ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေက တောင်သူနဲ့ ကုမ္ပဏီကိုခေါ်တယ်။ တောင်သူတွေက ပုံစံ ၇ ကုန်ထုတ်စာအုပ်တွေ ပြေစာတွေ ဘဏ်ချေးငွေထုတ်တဲ့ စာရွက်စာတမ်းတွေ တင်ပြပြီးလာတယ်။ ကုမ္ပဏီဘက်က မလာဘူး”လို့ ပြောပါတယ်။
အခုလို အငြင်းပွားမှုဖြစ်စဉ်အပေါ် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်းက “ဒီလိုဖြစ်ရတာဟာ အရင်ကတည်းက မြေစာရင်းဘက်ကနေပြီး ပြတ်ပြတ်သားသား အောက်ခြေကို ကွင်းမဆင်း တိုင်းတာခြင်းမပြုဘဲ လုပ်ခဲ့လို့ ပြဿနာတက်တာ လောလောဆယ် နယ်မြေအပိုင်းအခြား သိဖို့လိုတယ်။ ပုံစံ ၇ ရထားသူက ကုမ္ပဏီဘက်ကို တရားစွဲရမယ်၊ ကုမ္ပဏီဘက်ကလည်း သူတို့မြေနယ်နိမိတ်မှန်တယ်ဆို တရားစွဲရမယ်။ တရားရုံးမှာ ဖြေရှင်းတဲ့အခါမှာ မြေတိုင်းကော်မရှင်ဖွဲ့စစ်ဆေးမှ ဘယ်သူက ကျူးကျော်တယ်ဆိုတာ သိရမယ်။ လောလောဆယ် ပြဿနာဖြစ်နေတဲ့ နေရာကို ဘယ်သူမှမလုပ်ဘဲ ရပ်ထားရမယ်လို့ သက်ဆိုင်ရာဌာနတွေကို ညွှန်ကြားထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
မိုးညှင်းမြို့နယ်မှာ လယ်ဧက ၁ သိန်းကျော်ရှိပြီး အင်းတော်ကြီးဒေသမှာ ဧက ၄ သောင်းလောက် ရှိတယ်လို့ သိရပါတယ်။
မုန်းမုန်းမင်း