ရွေးကောက်ပွဲနှင့်ပတ်သက်၍ အစိုးရက တရားဝင်အကြောင်းမကြားဟု မိုင်းလား တာဝန်ရှိပြော
DVB
·
July 10, 2020
လာမဲ့ နိုဝင်ဘာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အထူးဒေသ (၄) မိုင်းလားဆီကို အစိုးရကနေ တရားဝင်ကြိုတင် အကြောင်းကြားဆက်သွယ်တာ မရှိသေးဘူးလို့ မိုင်းလားတာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်းမှာရှိတဲ့ အထူးဒေသ(၄)မိုင်းလား ဧရိယာဟာ မြို့နယ် ၃ မြို့နယ်နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး လူဦးရေ ၃ သိန်းကျော်ရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသဖြစ်ပါတယ်။
မိုင်းလားဒေသမှာ ရွေးကောက်ပွဲကို တစ်ကြိမ်တစ်ခါမှ ကျင်းပခဲ့ဖူးခြင်းမရှိခဲ့ပါဘူး။
အထူးဒေသ (၄) မိုင်းလား ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က "အခုအချိန်အထိတော့ အစိုးရက တရားဝင်အကြောင်းကြားလာတာ မရှိပါဘူး။ ဒီကိစ္စက သူတို့ဘက်က အကြောင်းကြားလာမှပဲ ကျနော်တို့ဘက်က ဆုံးဖြတ်ရမယ့်အခြေအနေပါ၊ အခုထိတော့ အကြောင်းမကြားလို့ ဘာမှပြောလို့မရပါဘူး” လို့ ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ချက်ထဲမှာတော့ အထူးဒေသ (၄) မိုင်းလားဧရိယာထဲမှာ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)နဲ့ (၂) ဆိုပြီး ကျေးရွာအုပ်စုပေါင်း (၁၁) အုပ်စုပါဝင်ပါတယ်။
၂၀၂၀ နှစ်ဆန်းပိုင်းတုန်းက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပါဝင်တဲ့အဖွဲ့တွေက မိုင်းလားဒေသက အာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
အခုလက်ရှိမှာတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် အထူးဒေသ(၄)မိုင်းလား ဧရိယာအတွင်း ဝင်/ထွက်ခွင့်တွေကို ကန့်သတ်ထားဆဲဖြစ်ပြီး ဒေသတွင်းက နေရပ်ပြန်ချင်တဲ့ ရွေ့ပြောင်းအလုပ်သမားတွေကို အစိုးရနဲ့ ညှိနှိုင်းပြီး ပြန်ပို့နေတာတွေ ရှိပါတယ်။
(ကိုဇက်)