Homeမြန်မာသတင်း
မူးယစ်မှုဖြင့် ထောင်ကျနေသည့် တရုတ်နိုင်ငံသားတစ်ဦး ဗန်းမော်ပြည်သူ့ဆေးရုံကြီးက ထွက်ပြေး
မူးယစ်မှုဖြင့် ထောင်ကျနေသည့် တရုတ်နိုင်ငံသားတစ်ဦး ဗန်းမော်ပြည်သူ့ဆေးရုံကြီးက ထွက်ပြေး
DVB
·
July 9, 2020
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ တရုတ်နိုင်ငံသားတဦး ဗန်းမော်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့အချိန် ဇူလိုင် ၉ ရက်နေ့ မနက်ပိုင်းက ထွက်ပြေးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုထွက်ပြေးသွားသူဟာ ဗန်းမော်အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် ၁၃ နှစ်ကျခံနေရတဲ့ အသက် ၂၆ နှစ်အရွယ် မာဒွတ်အမည်ရှိတဲ့ အကျဉ်းသားတစ်ဦးဖြစ်ပြီး တရုတ်နိုင်ငံ လုံချွမ်ခရိုင် မန်ရွက်ကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါအကျဉ်းသားဟာ နှလုံးရောဂါကြောင့် အမောဖောက်တဲ့အတွက် ဗန်းမော် ပြည်သူ့ ဆေးရုံကြီးကို တင်ပို့ဖို့ အကျဉ်းထောင် လက်ထောက်ဆရာဝန်ရဲ့ ဆေးမှတ်ချက်အရ ဇူလိုင်လ ၇ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင်ကနေ ဗန်းမော်ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပြီး ဆေးကုသမှု ခံယူခဲ့တာလည်းဖြစ်ပါတယ်။
အဲဒီလို ဆေးကုသမှုခံယူနေတဲ့အချိန် ဇူလိုင်လ ၉ ရက်နေ့ မနက် ၃ နာရီက ထွက်ပြေးသွား တဲ့အတွက် ဗန်းမော်မြို့နယ်နဲ့ မိုးမောက်မြို့နယ်က ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အကျဉ်းဦးစီး ဝန်ထမ်းတွေက ပြန်လည် ဖမ်းဆီးရမိရေးအတွက် လိုက်လံရှာဖွေစုံစမ်းနေပါတယ်။
အဆိုပါ တရုတ်နိုင်ငံသားဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မတ်လ က တရုတ် - မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့မှာ ဘိန်းဖြူနဲ့ WY မူးယစ်ဆေးဝါးတွေကို တွေ့ရှိခဲ့တဲ့အတွက် ဗန်းမော် အကျဉ်းထောင်မှာ ထောင်ဒဏ် ၁၃ နှစ်ပြစ်ဒဏ်ကျခံနေရတာလည်းဖြစ်ပါတယ်။
သတင်း - မင်းခန့်ကိုကို