ကိုဗစ်-၁၉ ကာလ မြန်မာများ ထိုင်းနယ်စပ်သို့ ခိုးဝင်နေ၍ သံဆူးကြိုးများကာရံတားဆီး
DVB
·
July 8, 2020
ကိုဗစ်-၁၉ ကာလ မြန်မာအလုပ်သမားတွေ ထိုင်းနယ်စပ်ကို ခိုးဝင်နေတာ ရှိတာကြောင့် သံဆူးကြိုး ကာရံတားဆီးတာတွေ ပြုလုပ်နေတယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း ၆ ခရိုင် စစ်တိုင်းဒေသမှူးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါကူးစက်ပြန့်ပွါးမှုကာကွယ်တဲ့အနေနဲ့ လွန်ခဲ့တဲ့မတ်လ ကုန်ပိုင်းကစပြီး ပြည်တွင်းပြည်ပ ခရီးသွားလာမှုတွေ ကန့်သတ်ထားသလို နယ်စပ်အဝင်အထွက်ဂိတ်တွေလည်း ပိတ်ထားပါတယ်။
ဒါပေမဲ့ တရားမဝင်တောလမ်းဘက်ကနေ ခိုးဝင်မှုတွေရှိနေဆဲဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနယ်စပ် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာဆိုရင် တဘက်နိုင်ငံကနေ ခိုးဝင်လာနေပြီး ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှာကို မယ်ဆိုင်ပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ထိုင်းနိုင်ငံမြောက်ပိုင်း ၆ ခရိုင် စစ်တိုင်းဒေသမှူး ဗိုလ်ချုပ် ထနတ်ဖုန်း ကိုးဆိုင်ဆေဝီက ဇူလိုင် ၇ ရက်နေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
ဒါကြောင့် စစ်တပ်နဲ့ နယ်မြေထဲက ဌာနဆိုင်ရာတွေ နယ်စပ်လုံခြုံရေးအစည်းအဝေးလုပ်ခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ဇူလိုင် ၇ ရက်နေ့က စတင်ကာ မယ်ဆိုင်မြို့နယ်ရှိ နယ်စပ်နေရာပေါင်း ၁၇ ခုမှာ ဆိုလာပြားဓာတ်မီးတိုင်တပ်ဆင်တာ၊ နယ်စပ်တလျှောက် စောင့်ကြည့်စစ်ဆေးဖို့ တပ်စု ၂၂ စုကို စေလွှတ်တာဝန်ပေးတာ၊ ကုန်းအစပ် ရေအစပ်တလျှောက် သံဆူးကြိုးတွေနဲ့ ကာဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဗိုလ်ချုပ် ထနတ်ဖုန်းက ဆက်ပြောပါတယေ။
ဒါ့အပြင် ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသရေးရာကော်မတီ TBC ကိုလည်း တရားမဝင် ဝင်ရောက်မှု ပူးပေါင်းကာကွယ်ပေးဖို့ အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
တောလမ်းကနေတရားမဝင် ဝင်ရောက်လာသူတွေကို ထိုင်းဘက်ခြမ်းက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကိုယ်တိုင် အားပေးကူညီခဲ့တာတွေရှိကြောင်း စုံစမ်းသိရှိရတဲ့အတွက် ဇူလိုင် ၈ ရက်နေ့မှာ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးတွေအားလုံးကို အစည်းအဝေးခေါ်ယူ သတိပေးမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ရေးအတွက် နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့ကာလအတွင်း မြန်မာဘက်ခြမ်းကနေ မယ်ဆိုင်ဘက်ကို ဧပြီ ၁၈ ရက်ကနေ ဒီနေ့ထိ တရားမဝင်တောလမ်းကနေ ဝင်ရောက်လာမှု ၂၈ ကြိမ်ရှိပြီး လူ ၉၅ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း၊ သူတို့တွေကို ကိုဗစ် ၁၉ စောင့်ကြည့်ရေးစင်တာဝင်စေပြီးမှ လဝကဥပဒေနဲ့အရေးယူကာ နေရပ်ပြန်ပို့ခဲ့တယ်လို့ ဗိုလ်ချုပ် ထနတ်ဖုန်းက ပြောသွားပါတယ်။
Source : mgronline.com