ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ အန်ဖက်တမင်း (ယာဘ) စိတ်ကြွဆေးပြား ၂၀,၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
မူးယစ်ဆေးဝါးတွေ ဖမ်းမိတာနဲ့ပတ်သက်လို့ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့စုံက ဖုတ်ဖမြို့ရဲစခန်းမှာ ဒီဇင်ဘာ ၂၀ ရက် ဒီမနက် ၁၀ နာရီက သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ထုတ်ဖော်ပြောဆိုခဲ့တာပါ။
စိတ်ကြွဆေးပြား ၂၀,၀၀၀ ကျော်အပြင် သေနတ်အတို ၂ လက်၊ ကျည်ဆန်အချို့၊ ကား ၂ စီး၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံးနဲ့ ငွေသားတချို့ အပါအဝင် စုစုပေါင်း ဘတ်ငွေ ၈၀၀,၀၀၀ ဖိုးရှိ ပစ္စည်းတွေကိုလည်း ရဲစခန်းရှေ့မှာ ခင်းကျင်းပြသထားပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေနဲ့ ပစ္စည်းတွေရဲ့ ပိုင်ရှင်ဖြစ်သူ နိုင်းစီ အသက် ၅၉ နှစ်ကို တရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ ထိုင်းရဲအရာရှိက ပြောပါတယ်။
ဒေသတွင်းမှာ မူးယစ်ဆေးဝါး၊ လောင်းကစား အွန်လိုင်းဂိမ်း၊ ကောစင်တာငွေလိမ်မှုနဲ့ တခြား ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးနှိမ်နင်းဖို့ ထိုင်းနိုင်ငံဝန်ကြီးအဆင့်နဲ့ တာဝန်ရှိသူတွေက ညွှန်ကြားထားပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၂၄ ခုနှစ် နှစ်သစ်ကြိုဆိုပွဲမှာ ပိုမိုတင်းကျပ် ဆောင်ရွက်သွားသလို နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေကိုပါ ဖမ်းဆီးတိုက်ဖျက် အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ထိုင်းနိုင်ငံနယ်စပ်ဖြစ်တဲ့ တာ့ခ်ခရိုင် တာဆောင်ရမ်းမြို့၊ မယ်လမမြို့၊ အုန်းဖန်မြို့၊ ဖုတ်ဖရမြို့နဲ့ မဲဆောက်မြို့ ၅ မြို့နယ်ဟာ အိမ်နီးချင်း မြန်မာပြည်ဘက်ကနေ မူးယစ်ဆေး မှောင်ခိုသယ်ဆောင်လာတဲ့အတွက် ထိုင်းအာဏာပိုင်တွေက မကြာခဏ ဖမ်းဆီးရမိလေ့ ရှိပါတယ်။