ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တောင်ပိုင်း ဘုံဇုံးကျေးရွာ စစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဗိုလ်ကြီး အပါအဝင် စစ်ကောင်စီတပ်သား ၆ ဦး ဖမ်းဆီးမိခဲ့တယ်လို့ CDF-ဟားခါးထံမှ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ ဘုံဇုံးစစ်ကောင်စီတပ်စခန်းကို ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ပြီး ဗိုလ်ကြီးအပါအဝင် စစ်ကောင်စီတပ်သား ၆ ဦးကိုတော့ အရှင်ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။
ဘုံဇုံးစခန်းသိမ်းတိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်ပြီး CDF-ဟားခါး၊ CDF-ထန်တလန်၊ CDF-KKG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
CDF-ဟားခါးတာဝန်ရှိသူတဦးက “ဘုံဇုံးစခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်ကြီးတစ်ဦးဖမ်းမိတယ်၊ တခြားရဲနဲ့ စစ်ကောင်စီတပ်သား ၅ ဦး ဖမ်းမိတယ်၊ စခန်းကို ကျနော်တို့အကုန်ရှင်းလင်းရေးလုပ်ပြီးပြီ၊ စခန်းကို မီးရှို့ဖျက်ဆီးလိုက်ပြီ၊ တချို့ပြည်သူတွေလည်း ဘုံဇုံးရွာမှာ ပြန်ပြီးနေထိုင်ကြပြီ” လို့ ပြောပါတယ်။
ဘုံဇုံးကျေးရွာဟာ ချင်းပြည်နယ်နဲ့ မကွေးတိုင်းအစပ် ဟားခါး-ဂန့်ဂေါ လမ်းမပေါ်မှာရှိပြီး အချက်အချာကျတဲ့ ကျေးရွာတစ်ခု ဖြစ်ပါတယ်။