မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် ရှင်သန်ခြင်းတွဲလက်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဒေါ်စုစုထွေးကို ဒီဇင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက ဓမ္မဝတီမြို့သစ်ရှိနေအိမ်မှာ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်စုစုထွေးဟာ သထုံ PDF အဖွဲ့ဝင်တဦးရဲ့ပို့စ်အောက်မှာ အမြန်ပြန်လည်ဆုံတွေ့ပါစေဆိုတဲ့ မှတ်ချက် ရေးသားခဲ့မှုကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဒေါ်စုစုထွေးကို ဖမ်းဆီးဖို့ ပို့စ်တင်ပြီးမကြာမီ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးခဲ့ပါတယ်။
သထုံမြို့ခံတဦးက “အရင်က သူ့တပည့် PDF ပို့စ်အောက်မှာ မှတ်ချက်ဝင်ရေးလို့ ဖမ်းခံရတာလို့ ကြားတယ်။ သူကပုံမှန်ဆို စစ်တပ်ဝန်ကြီးဌာနက လုပ်တဲ့ပွဲတွေဆို တက်နေကျပဲ။ အဲ့တာတောင် comment တခုကြောင့် လာဖမ်းသွားတာ။ ဖမ်းပြီး သူ့ကို ဘယ်ခေါ်သွားတာလဲတော့ သေချာမသိပါဘူး” လို့ ပြောပါတယ်။
ဒေါ်စုစုထွေး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ရှင်သန်ခြင်းတွဲလက် လူမှုကူညီရေးအသင်း တာဝန်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဖမ်းခံရတဲ့ကိစ္စကို ဘာမှသေချာမသိသေးတဲ့အတွက် ဖြေကြားလိုခြင်းမရှိသေးဘူးလို့ ပြောပါတယ်။
၂၀၂၂ ဖေဖော်ဝါရီကနေ ၂၀၂၃ စက်တင်ဘာကုန်အထိ လူမှုကွန်ရက်ပေါ်မှာ စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှုတွေနဲ့ နွေဦးတော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးတဲ့ ရေးသား မှုတွေအတွက် စစ်ကောင်စီက လူပေါင်း ၁၃၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ Data For Myanmar ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။