Home
မြန်မာသတင်း
ပွင့်ဖြူတွင် ကလေး ၂ ဦးသေဆုံးခဲ့မှု ကာကွယ်ဆေးကြောင့် ဟုတ်၊ မဟုတ် စစ်ဆေးနေ
DVB
·
July 7, 2020
106278331_2361978860770228_8070651781504588934_o
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ထဲက သေဆုံးခဲ့တဲ့ ကလေးငယ် ၂ ဦးနဲ့ ဆေးရုံတက်နေတဲ့ ကလေးနှစ်ဦးရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကာကွယ်ဆေးကြောင့် ဟုတ်၊ မဟုတ် စစ်ဆေးနေတယ်လို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။ ပွင့်ဖြူမြို့နယ်ထဲမှာ ကျေးလက်ကျန်းမာရေးဌာနခွဲက ကျေးရွာငါးရွာက ကလေးငယ် ၅၄ ဦးကို ဇူလိုင်လ ၃ ရက်နေက ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဖျားနာ၊​ အော့အန်၊ ဝမ်းလျှောဖြစ်ကာ ဇူလိုင် ၄ ရက်နေ့မှာ တစ်နှစ်ခွဲအရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့တာပါ။ ၉ လသားအရွယ် ကလေးငယ်နှစ်ဦးကိုတော့ မင်းဘူးခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ကုသပေးနေပြီး ကျန်မာရေးကောင်းမွန်တယ်လို့ ပြောပါတယ်။ ဘာကြောင့်ဖြစ်ပွားတယ် ဆိုတာ သိရှိနိုင်ဖို့ တိုင်းအဆင့်စစ်ဆေးမှုတွေပြုလုပ်ကာ နိုင်ငံတော်အဆင့်ထိ စစ်ဆေးသွားမှာဖြစ်ပြီး ကာကွယ်ဆေးကြောင့်ဖြစ်တယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ ဒေါက်တာ ခင်မောင်သန်းက ပြောပါတယ်။ “ကာကွယ်ဆေးကတော့ ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကလေးငယ်တွေကို ပြင်းထန်တဲ့ ကူးစက်ရောဂါတွေမဖြစ်ပွားအောင် ထိုးနှံပေးနေတာဖြစ်လို့ အန္တရာယ်ကင်းပါတယ်။ ကာကွယ်ဆေးအပေါ်မှာ ထင်ယောင်ထင်မှားဖြစ်ပြီးတော့ ဆေးမထိုးဘဲနေရင် ကလေးငယ်တွေမှာ မလိုလားအပ်တဲ့ ကူးစက်ရောဂါတွေဖြစ်နိုင်တာကြောင့် မိဘတွေအနေနဲ့ ကာကွယ်ဆေးကို ပုံမှန်လာရောက်ထိုးပေးကြဖို့ မေတ္တာရပ်ခံလိုတယ်” လို့ ပြောပါတယ်။ အင်းဒေါင်းကျေးရွာနေ သေဆုံးသွားတဲ့ကလေးရဲ့ မိခင် မခင်လှိုင်းဇာက “ကလေးကို ဝက်သက်၊ ဂျိုက်သိုး ကာကွယ်ဆေးထိုးပြီးတော ၃ နာရီလောက်အကြာမှာ အန်ပြီးတော့ ဝမ်းလျှောတယ်။ နောက်နေ့မနက်မှာ ဆရာမဆီက ဆေးတောင်းပြီးတိုက်တော့ နှုတ်ခမ်းတွေပြာသွားလို့ ပွင့်ဖြူဆေးရုံကနေတဆင့် မင်းဘူးခရိုင်ဆေးရုံကို လွှဲပြောင်းပေးရာ ဆေးရုံရောက်တဲ့အချိန်မှာ သေဆုံးခဲ့တာ” လို့ ပြောပါတယ်။ မကွေးတိုင်းမှာ တနှစ်ကို ကလေးငယ် ၆၀၀၀၀ ခန့် နှစ်စဉ်ကာကွယ်ဆေးထိုးနှံပေးရပြီး အခုနှစ်အတွင်းမှာတော့ ၃၀ ရာခိုင်နှုန်းလောက် ထိုးနှံပြီးဖြစ်တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024