လှိုင်းဘွဲမြို့ မြေသားတာဘောင် ကျိုးပေါက်မှု အမြန်ပြုပြင်ပေးရန် ဒေသခံများ တောင်းဆို
DVB
·
July 5, 2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာမှာ ရေဘုတ်ဆည်ကနေ ရေလျှံမှု ကာကွယ်ဖို့ ဆောက်ထားတဲ့ မြေသားတာဘောင်ကျိုးပေါက်မှုကြောင့် နှစ်စဉ် ရေနစ်မြုပ်မှုတွေ ကြုံတွေ့နေရပြီး အစိုးရ တာဝန်ရှိသူတွေ အမြန်ဆုံးပြုပြင်ပေးဖို့ ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။
မြေတမံ ကျိုးပေါက်နေတဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ ကားလမ်းရေကျော်ပြီး နေအိမ်တွေ၊ စပါးခင်းတွေ စိုက်ပျိုးသီးနှံတွေ ရေနစ်မြုပ် ပျက်စီးဆုံးရှုံးနေရတယ်လို့ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာနေ ဦးဆန်း၀င်းက ပြောပါတယ်။
“သူတို့က အောက်ခြေအထိ ဆင်းကြည့်ဖို့လိုတာပေါ့။ ဒီမှာက ကျနော် သိသလောက်ကတော့ လာကြည့်တာမရှိဘူး။ ဥပက္ခာပြုထားတဲ့အနေအထားမျိုး။ ကားလမ်းဘေးက သွားလာနေတာ အကုန်မြင်နေရတာပဲ။”
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရွိ ဦးကျော်ခိုင်စိုးက “ဒါကတော့ ဘတ်ဂျက်နဲ့ လုပ်ရတော့ ကျနော်တို့ တင်ပြပြီးတော့ လယ်သမားတွေ အဆင်ပြေဖို့အတွက် ဦးစားပေးမှာပါ” လို့ ပြောပါတယ်။
လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ၊ ဦးချိုမှုက “အရှေ့ဘက်မှာရှိတဲ့ မြောင်းကို ပြန်ပြီးတော့ ဖော်ပါ။ သူတို့မဖော်ဘူး။ မဖော်တော့ ရေကအောက်ကို ပြန်တွန်းပြီးတော့ တမံက ခဏခဏ ကွဲတယ်။ အောက်မှာ လယ်ဧက ၂၀၀ ကျော်ပျက်စီးတယ်” လို့ ပြောပါတယ်။
နှစ်စဉ် မိုးရာသီရောက်တိုင်း ရေနစ်မြုပ်မှုကြောင့် စိုက်ပျိုးပြီးမိုးစပါးနဲ့ သီးနှံပင်တွေ ပျက်စီးဆုံးရှုံးနေပြီး မိသားစုစား၀တ်နေရေးအတွက်လည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံလယ်သမားတွေက ပြောပါတယ်။
ရေဘုတ်ချောင်း ရေပိုလွှဲမြောင်း မြေသားတမံကျိုးပေါက်မှုဟာ ၂၀၁၃ ခုနှစ်၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တာကြောင့် ခိုင်ခန့်တဲ့မြေသားဘောင်နဲ့ မူလရေမြောင်းကို ပြန်လည်ပြုပြင်တည်ဆောက်ပေးဖို့ ဒေသခံတွေက တောင်းဆိုနေကြတာပါ။
ရဲမင်းခေါင်