ဖားကန့်မြေပြိုမှုတွင် သေဆုံးသူ ၁၁၃ ဦး၏ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိထား
DVB
·
July 2, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ မိုးရွာသွန်းပြီး မြေပြိုကျခဲ့ရာမှာ ဒီနေ့ မွန်းတည့် ၁၂ ရီကျော်လောက်အထိ သေဆုံးသူ ၁၁၃ ဦးရှိသွားပြီလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။
မနက် ၁၀ နာရီလောက်အထိ သေဆုံးသူ ၅၀ ဦး၊ မနက် ၁၁ နာရီ ကျော်မှာ သေဆုံးသူ ၄၇ ဦးနဲ့ မွန်းတည့် ၁၂ နာရီ ကျော်မှာ သေဆုံးသူ ၂၆ ဦး၊ စုစုပေါင်း (၁၁၃)ဦးရဲ့ ရုပ်အလောင်းတွေ ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒီနေ့ မနက် ၈ နာရီလောက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းမှာ ရေမဆေးသမားတွေက ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျခဲ့တာပါ။
မြေပြိုကျမှုကြောင့် နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေတွေ နွံနစ်နေတဲ့ သတင်းရရှိလို့ သက်ဆိုင်ရာနဲ့ မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ဆယ်နေတာဖြစ်ပြီး သေဆုံးသူ ထပ်တိုးလာဖွယ်ရှိနေပါတယ်။
ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့