ဖားကန့်တွင် မြေပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူများ နွံနစ်သေဆုံး
DVB
·
July 2, 2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုမှာ မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားရာ ဒီနေ့ မနက် ၁၀ နာရီလောက်အထိ သေဆုံးသူ ၅၀ ဦးရဲ့ ရုပ်အလောင်းတွေ ဆယ်ယူရရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၂ ရက် မနက် ၈ နာရီလောက်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ လခူးချောင်ရပ်ကွက်ရှိ တစ်သုံးလုံး ၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင် ၊ ဧရာရတနာစုပေါင်းလုပ်ကွက်ဟောင်းနေရာမှာ ရေမဆေးသမားတွေက ရေမဆေးကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့တာပါ။
မြေပြိုကျမှုကြောင့် နွံလှိုင်းရိုက်ခတ်မှုဖြစ်ပွားပြီး ရေမဆေးကျောက်ရှာဖွေတွေ နွံနစ်မှုဖြစ်ပွားကြောင်း သတင်းရရှိလို့ မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ဆယ်ခဲ့ရာမှာ မနက် ၉ နာရီခွဲမှာ သေဆုံးသူတွေရဲ့ ရုပ်အလောင်း ၃၅ လောင်းနဲ့ မနက် ၁၀ နာရီမှာ ၁၅ လောင်း စုစုပေါင်း သေဆုံးသူ ၅၀ ဦးရဲ့ ရုပ်အလောင်းတွေတွေ့ရှိထားပါတယ်။
သေဆုံးသူ ၁၀၀ လောက်ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ထားပြီး မီးသတ်တပ်ဖွဲ့နဲ့ သက်ဆိုင်ရာက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့