စစ်တွေတွင် ရဲတပ်ကြပ်ကြီး ၁ ဦး ဓားဖြင့်ထိုးခံရပြီး သေဆုံး
DVB
·
June 30, 2020
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရဲတပ်ကြပ်ကြီးတစ်ဦး ဇွန်လ ၂၉ ရက် ည ၈ နာရီလောက်က ဓားထိုးခံရပြီး သေဆုံးသွားခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ရဲတပ်ကြပ်ကြီးတစ်ဦးဟာ စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်၊ အကွက်(၃)၊ ကသဲရွာအနီး ရှိ သူ့ရဲ့ နေအိမ်ရှေ့မှာ ဓားထိုးခံရပြီး သေဆုံးသွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှာ တာဝန်ကျနေတဲ့ ရဲတပ်ကြပ်ကြီး မောင်မောင်သန်း အသက် ၄ဝ နှစ် ဖြစ်ပါတယ်။
လုပ်ကြံခံရမှုကြောင့် ရဲတပ်ကြပ်ကြီး မောင်မောင်သန်းမှာ ဝမ်းဗိုက်၊ နံဘေးနှင့် ရင်ဘက်တို့မှာ ဓားဒဏ်ရာ ၇ ချက်ရရှိခဲ့ကာ စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ပေမဲ့ ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။
တရားခံကို ဖမ်းဆီးရမိရေး စစ်တွေမြို့မရဲစခန်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထား ပါတယ်။
သေဆုံးသူတပ်ကြပ်ကြီး မောင်မောင်သန်းရဲ့ ရုပ်အလောင်းကို မနက်ဖန် ဇူလိုင်လ ၁ ရက်နေ့ နေ့လည် ၂ နာရီမှာ မီးသင်္ဂြိုလ်သွားဖို့ ရှိပါတယ်။
ဇွန်လ ၁၃ ရက် ညနေကလည်း ကျောက်တော်မြို့မရဲစခန်းမှာ ပူးတွဲ တာဝန်ကျနေတဲ့ ရဲအုပ်တစ်ဦး ကျောက်တော်မြို့လယ်ခေါင်မှာ ဓားထိုးခံရပြီး သေဆုံးသွားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခံရမှုတွေရှိနေပြီး ဒေသခံပြည်သူတွေကလည်း လုံခြုံရေးအတွက် စိုးရိမ် နေကြပါတယ်။
သတင်း- လင်းလက်