Homeမြန်မာသတင်း
ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ပုံပြပြီး ပြည်သူများ ထပ်အလိမ်ခံရတာမျိုး မဖြစ်စေချင်ဟု ကြံ့ခိုင်ရေးပါတီပြော
ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ပုံပြပြီး ပြည်သူများ ထပ်အလိမ်ခံရတာမျိုး မဖြစ်စေချင်ဟု ကြံ့ခိုင်ရေးပါတီပြော
ဇေယျာချမ်းအေး
·
June 29, 2020
လာမယ့်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံကိုပြပြီး ပြည်သူတွေ ထပ်အလိမ်ခံရတာမျိုး မဖြစ်စေချင်ဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ဇွန်လ ၂၉ ရက် မွန်းလွဲပိုင်းက ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်ပါတီ ၂၀ တို့ ပူးပေါင်းပြီး ရန်ကုန်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ပြောဆိုတာ ဖြစ်ပါတယ်။
“အရည်အချင်းရှိတဲ့ကိုယ်စားလှယ်တွေကိုပဲ ပြည်သူတွေကိုရွေးစေချင်ပါတယ်။ ဗိုလ်ချုပ်ပုံပြပြီး ပြည်သူတွေ ထပ်အလိမ်ခံရတာမျိုး မဖြစ်စေချင်တော့ပါဘူး။ ဒီလိုပြောရတာဟာ အန်အယ်လ်ဒီကို ရှုံးစေချင်လို့ ပြည်ခိုင်ဖြိုးကိုအနိုင်ရစေချင်လို့ အဲဒီလိုမဟုတ်ပါဘူး။ ကိုယ့်ဒေသမှာဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းကိုဒေသခံတွေက သိပြီး အမှန်တကယ်ရွေးချယ်နိုင်အောင်ဖြစ်ပါတယ်”လို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ဇွန်လ ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေ ကျင့်ဝတ်လက်မှတ်ရေးထိုးပွဲ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေတွေ့ဆုံပွဲ နောက်ဆက်တွဲကိစ္စတွေကို ဒီနေ့သတင်းစာရှင်းလင်းပွဲမှာ ကြံ့ခိုင်ရေးပါတီ တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးပါတီတွေကို ခွဲခြားဆက်ဆံနေတယ်လို့လည်း ပါတီတချို့ကစွပ်စွဲပါတယ်။
“ကော်မရှင်ဥက္ကဋ္ဌဟာ ကျနော်တို့ကို သူရဲ့ကျောင်းသားတွေလိုဆက်ဆံတယ်”လို့ အမျိုးသား နိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ အတွင်းရေးမှူး ကိုကျော်သူအောင်က ပြောပါတယ်။
ဒီနေ့သတင်းစာရှင်းတဲ့ နိုင်ငံရေးပါတီ ၂၀ ဟာ ကျင့်ဝတ်ဆိုင်ရာဖြည့်စွက်ချက် ၁၂ ချက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီတင်ပြထားပြီး ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်တဲ့ ကျင့်ဝတ်လက်မှတ်ထိုးပွဲမှာ ပါဝင်လက်မှတ်ထိုးခဲ့ခြင်းမှရှိပါဘူး။
ဒီနေ့သတင်းစာရှင်းပွဲမှာ လာရောက်သူများတဲ့အတွက် သက်ဆိုင်ရာက လူစုလူဝေး ပြုလုပ်ခွင့် မပေးခဲ့ပါဘူး။ အွန်လိုင်းကနေသာ လွှင့်တင်ခဲ့ရတဲ့အတွက် ပွဲအပြီးမှာ မီဒီယာတွေ မေးမြန်းတာကို ကြံ့ခိုင်ရေးပါတီကဖြေဆိုခဲ့ပါတယ်။