ရွှေကူမြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးနှင့် အမျိုးသမီး ၁ ဦးထံမှ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 28, 2020
ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ သတင်းအရ နေအိမ်တလုံးကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ ရဲတပ်ဖွဲ့ဝင်တဦးနဲ့ အမျိုးသမီးတစ်ဦးကို စိတ်ကြွဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဗန်းမော်ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့က ပြောပါတယ်။
ဗန်းမော်ခရိုင် မှုခင်းနှိမ်နှင်းရေးအဖွဲ့က တာဝန်ရှိသူတွေဟာ ဇွန် ၂၇ ရက်နေ့ နေ့လယ်က ရွှေကူမြို့ အမှတ် (၁) ရပ်ကွက်မှာရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အိမ်ကို ဝင်ရောက်ရာဖွေရာမှာ ရဲတပ်သားတစ်ဦးကိုပါ အဆင်သင့်တွေ့ရှိခဲ့ပြီး နေအိမ်မှာ စိတ်ကြွဆေးပြား စုစုပေါင်း ၉၆၀ ကျော် ဒေသပေါက်ဈေး ၁၉ သိန်းကျော်ဖိုး သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆေးမေးမြန်းချက်တွေအရ အဆိုပါ မူးယစ်ဆေးဝါးတွေကို ကိုယ်တိုင်သုံးစွဲဖို့နဲ့ ပြန်လည် ရောင်းချဖို့ ဝယ်ယူထားတယ်လို့လည်း ထွက်ဆိုခဲ့ပါတယ်။
မူးယစ်ဆေးတွေနဲ့အတူ ဖမ်းဆီးမိတဲ့ အမျိုးသမီးနဲ့ ရဲတပ်သားတို့ကို ရွှေကူမြို့မရဲစခန်းက မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဥပဒေတွေနဲ့ ဖမ်းဆီးအရေးယူထားပါတယ်။
မင်းခန့်ကိုကို