Homeမြန်မာသတင်း
အာဆီယံအနေဖြင့် ကူးစက်ရောဂါတုံ့ပြန်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် အတိုင်ပင်ခံ တိုက်တွန်း
အာဆီယံအနေဖြင့် ကူးစက်ရောဂါတုံ့ပြန်ရေး အရှိန်မြှင့်ဆောင်ရွက်ရန် အတိုင်ပင်ခံ တိုက်တွန်း
DVB
·
June 27, 2020
အာဆီယံအနေနဲ့ ကူးစက်ရောဂါတုံ့ပြန်ရေးနဲ့ ပြန်လည်နာလန်ထူရေးဆိုင်ရာ ထိရောက်ကျယ်ပြန့်တဲ့ အစီအစဉ်တရပ် ရေးဆွဲချမှတ်တာကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
ဇွန် ၂၆ ရက်နေ့မနက်ပိုင်းက ဗွီဒီယိုကွန်ဖရင့် စနစ်နဲ့ ကျင်းပပြုလုပ်တဲ့ ၃၆ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။
အတိုင်ပင်ခံက ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကမ္ဘာ့စီးပွားရေးနဲ့ ပေါင်းစပ်ဆက်သွယ်ရေးမှာ ထိခိုက်နစ်နာမှုတွေ ပြန်လည်နာလန်ထူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ တိုးတက်ခိုင်မာစေဖို့ အထူးလိုအပ်တာကြောင့် အာဆီယံအနေနဲ့ ကူးစက်ရောဂါတုံ့ပြန်ရေးနဲ့ ပြန်လည်နာလန်ထူရေးဆိုင်ရာ ထိရောက်ကျယ်ပြန့်တဲ့ အစီအစဉ်တရပ် ရေးဆွဲချမှတ်တာကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ ပြည်သူတွေရဲ့ ယုံကြည်မှု၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ စွမ်းဆောင်ရည်တို့ကို ပြန်လည်တည်ဆောက်မြှင့်တင်ဖို့ အရေးကြီးကြောင်း အတိုင်ပင်ခံက ပြောပါတယ်။
ရခိုင်အရေးကိစ္စနဲ့ပတ်သက်ပြီး မလေးရှားဝန်ကြီးချုပ်ရဲ့ ဆွေးနွေးချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က “အကြမ်းဖက်မှုနှင့် လူကုန်ကူးမှု ပြဿနာတို့သည် ရခိုင်ပြည်နယ်တွင် မိမိတို့ လက်ရှိရင်ဆိုင်နေရသည့် အန္တရာယ်နှစ်ခု ဖြစ်သကဲ့သို့ ယင်းပြဿနာနှစ်ရပ်မှာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့်ပြဿနာများ ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ယင်းပြဿနာများကို မိမိတို့ဒေသတစ်ခုတည်းအတွက်သာမက တကမ္ဘာလုံး၏ တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်မှုကို တိုးမြှင့်နိုင်စေမည့် အပြုသဘောဆောင်သည့် နည်းလမ်းဖြင့် အတူတကွ ပူးပေါင်းဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း” ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗွီဒီယိုကွန်ဖရင့်စနစ်နဲ့ ပြုလုပ်ခဲ့တဲ့ ဒစ်ဂျစ်တယ်ခေတ် အမျိုးသမီးများ၏စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အထူးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပြီး အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ သာယာဝပြောရေးကို ကာကွယ်မြှင့်တင်ပေးဖို့၊ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားဖို့နဲ့ အမျိုးသမီးတွေရဲ့အသံကို ပိုမိုအလေးထားနားထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ထိပ်သီးအစည်းအဝေးကို ဗီယက်နမ်ဝန်ကြီးချုပ် Mr. Nguyen Xuan Phuc က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေနဲ့ အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး ကြိုးပမ်းဆောင်ရွက်မှုတွေ၊ အာဆီယံရဲ့ပြင်ပဆက်ဆံရေး၊ အာဆီယံရဲ့ အချက်အချာကျမှု ထိန်းသိမ်းရေးနဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာရေးရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြပါတယ်။