ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မော်စကိုမြစ်အတွင်း လှည့်လည်လေ့လာ
DVB
·
June 25, 2020
ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဇွန်လ ၂၄ ရက်က မော်စကိုမြစ်အတွင်း မြစ်တွင်းသွားရေယာဉ်နဲ့ လေ့လာကြည့်ရှုခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ညက Interstate Corporation Developments ညွှန်ကြားရေးမှူးချုပ် Mr. Ivan Ponyakov ကတည်ခင်းဧည့်ခံတဲ့ ညစာစားပွဲသို့ တက်ရောက်ပြီး မော်စကိုမြစ်အတွင်း လေ့လာကြည့်ရှုခဲ့တာလို့ ဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို) သို့လည်း သွားရောက်ခဲ့ပြီး ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယကို ဖူးမြော်လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီနောက် ကျောင်းထိုင်ဆရာတော်ထံ သာသနာရေးဆိုင်ရာတွေ၊ မော်စကိုမြို့ အနောက်ဘက် ကာလူးဂါမြို့အနီးရှိ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပြတိုက်ပန်းခြံအတွင်း သီတဂူ ဆရာတော်ဘုရားကြီးရဲ့ ဦးဆောင်မှုနဲ့ ရွှေစည်းခုံစေတီတော်ပုံစံတူ တည်ထားကိုးကွယ်ဖို့ ကိစ္စတွေ လျှောက်ထားကြပြီး သာသနိကအဆောက်အဦ သဒ္ဓမ္မဇောတိကဓဇ သိမ်တော် တည်ဆောက်မယ့် နေရာကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ဒါ့အပြင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးသို့ လည်း သွားရောက်လေ့လာခဲ့တယ်လို့လည်း တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာ ရုရှားနိုင်ငံမှာ ကျင်းပတဲ့ Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ဖို့ ဇွန် ၂၂ ရက်ကတည်းက ရုရှားနိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။
Photo-CINCDS