ချင်းပြည်နယ်၏ ပထမဦးဆုံးလေဆိပ်တွင် လေယာဉ်စမ်းသပ်ဆင်းမည်
DVB
·
June 24, 2020
မြန်မာပြည်အနောက်မြောက်ပိုင်း ချင်းပြည်နယ်၊ ဖလမ်းမြို့အနီး ဆူရ်ဘုန်လေယာဉ်ကွင်းမှာ အသေးစားလေယာဉ်ငယ်တစ်စင်း စမ်းသပ်ဆင်းသက်မှုကို ဇွန်လ ၂၅ ရက် နေ့လည်မှာ ပြုလုပ်သွားမယ်လို့ ချင်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
အဆိုပါလေယာဉ်ကွင်းကို ၂၀၁၅ ခုနှစ်ကတည်းက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ချင်းပြည်နယ်ရဲ့ ပထမဦးဆုံး လေယာဉ်ကွင်းလည်း ဖြစ်ပါတယ်။
စမ်းသပ်ဆင်းမယ့် လေယာဉ်အမျိုးစားကတော့ Cessna လေယာဉ်အမျိုးအစား ဖြစ်ပြီး ချင်းအမျိုးသား လေယာဉ်မှူး ဗိုလ်ကြီး ခုပ်ခမ်မုန် ဦးဆောင်တဲ့ အဖွဲ့ဝင် ၃ ဦးလောက်က ကလေးမြို့ကနေ မောင်းနှင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုစမ်းသပ်ဆင်းသက်တာကို ချင်းပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တာဝန်ရှိသူတွေက လာရောက်ကြည့်ရှုမှာဖြစ်ပါတယ်။ အဆိုပါ လေယာဉ်ကွင်းတည်ဆောက်မှုကို ကျပ်ငွေ ၁၄၀ ဘီလီယံကျော် အကုန်ကျခံကာ တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဆူရ်ဘုန်လေဆိပ်ဟာ လေယာဉ်ပြေးလမ်းအရှည် အလျားပေ ၆၀၀၀ နဲ့ အနံပေ ၁၀၀ ရှိပြီး ခရီးသည် ၇၀ ကျော်လိုက်ပါ စီးနင်းနိုင်တဲ့ ATR – 72 လေယာဉ်တွေ အတက်အဆင်းပြုလုပ်နိုင်ဖို့ ရည်ရွယ် တည်ဆောက်ထားတာဖြစ်ပါတယ်။
လေဆိပ်နဲ့အတူတွဲဆောက်ထားတဲ့ တစ်ထပ်ခွဲလေဆိပ် အဆောက်အအုံကတော့ ခရီးသည် ၂၅၀ ခန့်ကို ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပြီး ဒေသရာသီဥတုနဲ့ ကိုက်ညီအောင် အခုံးပုံသဏ္ဌာန်ဒီဇိုင်းနဲ့ တည်ဆောက်ထားပါတယ်။
အဲဒီလေယာဉ်ကွင်းစီမံကိန်းကို ၁၉၆၇ ခုနှစ်ကတည်းက ဒေါက်တာနီခွဲကနေ စတင်တင်ပြခဲ့တဲ့ စီမံကိန်းဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ ချင်းပါတီတွေရဲ့ ကြိုးစားမှုနဲ့ အသက်ပြန်ဝင်လာတာလို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး အဖွဲ့ဝင် ဦးငယ်ပီးက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ် လိုင်လင်းပီမြို့မှာလည်း ၂၀၁၇ ခုနှစ်ကစတင်ကာ health and hope နဲ့ mission aviation fellowship မြန်မာ ပူးပေါင်းပြီး လေယာဉ်ကွင်းတစ်ခုတည်ဆောက်နေတာကြောင့် ချင်းပြည်နယ်မှာ လေယာဉ်ကွင်း ၂ ကွင်း ရှိလာမှာ ဖြစ်ပါတယ်။
သတင်း-တွီဒိမ်း