တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးခဲ့သည့် တိုက်ကြီးမြို့နယ်က အိမ်ထောင်စုများကို ထောက်ပံ့
DVB
·
June 20, 2020
တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးတာ ခံခဲ့ရတဲ့ အိမ်ထောင်စုတွေကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ငွေနဲ့ စားနပ်ရိက္ခာတွေ ပေးအပ်ခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ပိုက်လုံးစုကျေးရွာနဲ့ ဆင်စခန်းကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာတွေမှာ ဇွန် ၁၂ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေမှာ တောဆင်ရိုင်း ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် နေအိမ်နဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တဲ့ အိမ်ထောင်စု ၄ စုက မိသားစုဝင် ၁၂ ဦးတို့ကို ရန်ကုန်းတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲ့မှုဦးစီးဌာနက ဇွန် ၁၉ ရက်နေ့က ငွေနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ပေးခဲ့တာပါ။
ဖျက်ဆီးခံရတဲ့ နေအိမ် ၄ လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၂ သိန်း၊ လူဦးရေ ၁၂ ဦးအတွက် ဆန်ရိက္ခာထောက်ပံ့ငွေ ၂၅၂၀၀ ကျပ်နဲ့ ကယ်ဆယ်ရေးပစ္စည်း ၁၁ မျိုးကို ထောက်ပံ့ပေးခဲ့တယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ကြီးမြို့နယ်တွင်အတွင်းရှိ ကျေးရွာတွေမှာ တောဆင်ရိုင်းကြောင့် နေအိမ်တွေ၊ စပါး၊ ကြံနဲ့ စိုက်ခင်းတွေ ပျက်စီးဆုံးရှုံးနေရပြီး လူသေဆုံးတာလည်း ရှိနေပါတယ်။
ယခင်က သဘာဝဘေးထောက်ပံ့မှုတွေ မရှိခဲ့ပေမဲ့ ၂၀၁၉ ခုနှစ်ကစတင်ပြီး ထောက်ပံ့မှုတွေ ရရှိခဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ကြီးမြို့နယ်အတွင်း တောဆင်ရိုင်းများကြောင့် တိုက်ကြီးမြို့ ဆင်စခန်းကျေးရွာမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၆၊ ၉ နဲ့ ၁၅ ရက်နေ့တွေမှာ နေအိမ် ၁၀ လုံး၊ ဥက္ကံမြို့ ကျွဲဘုတ်ကျေးရွာ အုပ်စု မီးလောင်ကုန်းကျေးရွာမှာ စက်တင်ဘာ ၂၄ ရက်နေ့က နေအိမ် ၁ လုံးနဲ့ အောက်တိုဘာလ ၂၃ ရက်နေ့မှာ နေအိမ် ၇ လုံး ပျက်စီးခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၂ ရက်က ချင်းကုန်းကျေးရွာမှာ နေအိမ် ၉ လုံးနဲ့ လိမ္မော်ခြံကျေးရွာအုပ်စုမှာ ဇွန်လ ၁၂ ရက်နေ့နဲ့ ၁၆ ရက်နေ့တွေက နေအိမ် ၄ လုံး ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
မေသွယ်