ဖာပွန်ခရိုင်တွင် ကေအန်ဒီအိုနှင့် တပ်မတော် ပစ်ခတ်မှုဖြစ်
DVB
·
June 14, 2020
ဖာပွန်ခရိုင် တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း ကေအန်ယူလက်အောက်ခံ ကေအန်ဒီအို နဲ့ တပ်မတော်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဂျေအန်စီ (ဖာပွန်) ဒုဥက္ကဋ္ဌ ဒေါ်မေးလားထူးက အတည်ပြု ပြောဆိုပါတယ်။
ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေ ဖာပွန်အရှေ့ ဖလူးထီ ဘောထီတောင်ခြေအနီးမှာ ဇွန်လ ၁၃ ရက် မနက် ၉ နာရီလောက်က နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဒေါ်မေးလားထူးက ပြောပါတယ်။
“နှစ်ဖက်ပစ်ခတ်မှုဖြစ်တာ ဟုတ်တယ်။ ခဏလေးပဲ။ ဖလူးထီ ဘောထီတောင်ခြေရင်းမှာ ဖြစ်တာ။”
ဖာပွန်မြို့နယ်၊ ဝှေ့ဖှုန့်ကျေးရွာ ဦးသန်းဝင်းက “တောင်ပေါ်ကနေ ဒီနေ့ စျေးဝယ်ဆင်းလာကြတယ်။ သူတို့တွေ ကြောက်ကြောက်နဲ့ လာရတာ။ စားဖို့သောက်ဖို့အတွက် မဖြစ်မနေ စျေးဝယ်လာရတယ်လေ။ လူထုလည်း ပစ်ခတ်သံကြားရင် ထိတ်လန့်နေရတုန်းပဲ”လိူ့ ပြောပါတယ်။
ဇွန် ၅ ရက်နေ့က ကေအန်ယူ၊ တပ်မဟာ ၅ နယ်မြေမှာ နှစ်ဖက်ပစ်ခတ်မှုတွေ၊ ခရီးသွားလာမှုနဲ့ အချိန်ကန့်သတ်မှုတွေကို ကေအန်ယူဆံဆက်ရေး တာဝန်ခံနဲ့ ဂျေအန်စီအကျိုးဆောင်တွေက ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုတွေကြောင့် ပြေလည်မှုတွေရရှိခဲ့ပါတယ်။
နှစ်ဖက်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ကေအန်ယူ တပ်မဟာ ၅ ဆက်ဆံရေးရုံး ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဆက်သွယ်မေးမြန်းရာမှာ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မသိရသေးဘူးလို့ ပြောပါတယ်။ တပ်မတော်ဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရဲမင်းခေါင်