Home
မြန်မာသတင်း
ဖာပွန်ခရိုင် တပ်စခန်း ၂ ခုမှ  စစ်ကောင်စီတပ်များ စွန့်ခွာထွက်ပြေး
DVB
·
February 15, 2024
war 1522024

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖေဖော်ဝါရီလအတွင်း တပ်စခန်း ၂ ခုကနေ ထပ်မံစွန့်ခွာခွာထွက်ပြေးသွားတယ်လို့  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)  တပ်မဟာ ၅ ဗိုလ်မှူးကြီး စောကလယ်ဒိုက ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဖာပွန်ခရိုင်အတွင်းက စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ လယ်ကလေးကျိုးစခန်းရှိ  ခမရ ၃၄၉ တပ်ရင်းက တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့ပြီးနောက် ကျူလူစခန်းမှာ သွားရောက် ပူးပေါင်းခဲ့ပါတယ်။

ဒါအပြင် ဖေဖော်ဝါရီ ၁၁ ရက် မနက် ၆ နာရီမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက ကျူလူစခန်းကနေ ထပ်မံစွန့်ခွာထွက်ပြေးသွားခဲ့ပြီးနောက် မော်ဖူးဗျူဟာစခန်းကို သွားရောက်ပူးပေါင်းခဲ့ပါတယ်။

ကေအန်ယူ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက"KNLA ဘက်က သူတို့သွားလာတဲ့လမ်းကြောင်းကို ပိတ်ဆို့ထားပြီးတော့ သူတို့ရေခပ်တဲ့နေရာတွေပါ နေရာယူထားတဲ့အခါကျတော့ သူတို့စခန်းထဲမှာပဲနေရပြီး ရေအခက်အခဲလည်းရှိတယ်။ စားနပ်ရိက္ခာအခက်အခဲလည်းရှိတယ်။ လေယာဉ်ပျံပဲအသုံးချတဲ့အခါကျတော့ သူတို့အတွက် သိပ်ပြီးတော့ မလုံခြုံဘူး။ အခက်အခဲတွေ‌ ရင်ဆိုင်လာရတဲ့အခါ နောက်ဆုံး စိတ်ဓာတ်တွေပါကျပြီး သူတို့စခန်းကနေစွန့်ခွာသွားတယ်"လို့ ပြောပါတယ်။

ဆက်လက်ပြီး စစ်ကောင်စီရဲ့ မော်ဖူးဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြင်းအထန်တိုက်ခိုက်နေတဲ့အပြင် ဝိုင်းဝန်းပိတ်ဆို့ထားတာကြောင့် တပ်မဟာ ၅ နယ်မြေအတွင်း တပ်စခန်းတွေထပ်မံစွန့်ခွာသွားဖို့သာရှိပြီး နယ်မြေတိုးချဲ့ လို့မရတော့ဘူးလို့ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီရဲ့ စော်ထစခန်း၊ ဃော်ဒေါခိုစခန်း၊ ထီးထော်ပယ်(နတ်ရေတွင်းစခန်း)နဲ့ ကော်ဝေကျိုးစခန်းတွေကို စစ်ကောင်စီတပ်ဘက်က စွန့်ခွာသွားခဲ့ပါတယ်။

တပ်မဟာ ၅ နယ်မြေအတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လက်နက်ကြီးအပြင် လေကြောင်း တိုက်ခိုက်တာတွေကြောင့် ဒေသခံ ပြည်သူ ၁ သိန်းကျော်ဟာ ကျေးရွာနဲ့နေအိမ်တွေကိုစွန်ခွာပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ရတာကြောင့် စစ်ကောင်စီတပ်စခန်းတွေ စွန့်ခွာသွားရင် နေရပ်ပြန်လို့ရပြီလို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ရှောင်ပြည်သူတဦးက"ကျမတို့က ကမမောင်းမှာ စစ်ရှောင်နေရတာ။ တပ်စခန်းတွေက လက်နက်ကြီး အလုံးကြီးတွေပစ်တယ်။ သေနတ်တွေ အရမ်းလိုက်ပစ်တယ်လေ။ ဟို(KNLA )က လာပြန်ပစ်ရင် ကြားထဲက အရပ်သားတွေ ထိပြီးတချို့သေတယ်။ ကြောက်တော့လူတွေက ပြေးကြတယ်။ နှစ်ဦးနှစ်ဖက်ရှိနေတော့ ကိုယ်ပစ်သူပစ်ဆိုတော့ စိုးရိမ်ရတယ်လေ။ သူတို့စွန့်ခွာသွားရင်တော့ အခြေအနေက အေးဆေးသွားမယ်။ ပြန်နေလို့ရပြီလို့ ပြောပါတယ်။

တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီရဲ့ တောင်းပိုင်တိုင်းစစ်ဌာနချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေက ဝင်ရောက်ပြီး အခြေချတပ်စွဲပြီး လှုပ်ရှားနေတာပါ။

စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်တာ ဝိုင်းဝန်းပိတ်ဆို့ထားတာတွေကြောင့် စစ်ကောင်စီရဲ့ တောင်းပိုင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်စခန်းကြီး ၇ ခုနဲ့ တပ်စခန်းငယ် အနည်းငယ်လောက်သာ ကျန်ရှိနေပါတယ်။

ဒါအပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ တပ်စခန်းငယ်တွေလောက်ပဲ ကျန်ရှိတော့တယ်လို့ ကေအန်ယူ တပ်မဟာ ၅ တာဝန်ရှိသူကပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024