ခရိုင်းမီးယားကမ်းလွန်မှာ ဇန်နဝါရီ ၁၄ ရက်က ရုရှားကမ်းတက်စစ်သင်္ဘော ဆီဇာကူနီကော့ဗ်ကို လူမဲ့စစ်ရေယာဉ်တွေနဲ့ တိုက်ခိုက်ပြီး နှစ်မြှုပ်နိုင်ခဲ့တဲ့အတွက် ရုရှားရဲ့ ပင်လယ်နက် ရေတပ်သင်္ဘောအုပ်စုရဲ့ သုံးပုံတပုံအထိ ချေမှုန်းနိုင်ခဲ့ပြီလို့ ယူကရိန်းဘက်က ထုတ်ပြန်ပါတယ်။
Magura V5 လူမဲ့စစ်ရေယာဉ်တွေဟာ သင်္ဘောရဲ့ ဘယ်ဘက်ခြမ်းမှာ အပေါက်ကြီးတွေ ဖြစ်ပြီး နစ်မြုပ်သွားတဲ့ ဗွီဒီယိုမှတ်တမ်းကို ယူကရိန်းစစ်ထောက်လှမ်းရေးက ထုတ်ပြန်ထားပါတယ်။
ဆီဇာကူနီကော့ဗ်သင်္ဘောဟာ ယူကရိန်းဘက်က ဖျက်ဆီးနိုင် ဒါမှမဟုတ် သုံးမရတော့အောင် လုပ်နိုင်ခဲ့တဲ့ ၂၅ စီးမြောက် ရုရှားစစ်သင်္ဘော ဖြစ်လာပါတယ်။ ရုရှားရေငုပ်သင်္ဘောတစီးကိုလည်း ယူကရိန်းက ဖျက်ဆီးထားနိုင်ပါတယ်။
ယူကရိန်းစစ်ထောက်လှမ်းရေးရဲ့ “အုပ်စု ၁၃” အထူးတပ်ဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တာ ၂ နှစ်ပြည့်လုနီးပါး ရှိလာချိန်မှာ ရှေ့တန်းစစ်မျက်နှာကတော့ များသောအားဖြင့် ငြိမ်သက်နေပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာတော့ ပင်လယ်နက်ထဲက ရုရှားရေတပ်ကို ယူကရိန်းက ဦးစားပေး တိုက်ခိုက်လာခဲ့ပါတယ်။
ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားစစ်သင်္ဘောတွေကို ပစ်မှတ်ထားခြင်းအားဖြင့် ယူကရိန်းကုန်းမကြီးက ရုရှားစစ်ဆင်ရေးတွေကိုပါ ထိခိုက်လာမယ်လို့ ယူကရိန်းဘက်က မျှော်မှန်းထားပါတယ်။
Source/Photo-Reuters