လက်ဘနွန်နိုင်ငံတောင်ပိုင်းက ကျေးရွာတွေကို ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အစ္စရေးက တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၄ ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့တယ်လို့ ဆေးရုံတာဝန်ရှိသူတဦးနဲ့ လက်ဘနွန်လုံခြုံရေး သတင်းရင်းမြစ်သုံးဦးက ရိုက်တာကို ပြောပါတယ်။
အစ္စရေးစစ်သားတဦး သေဆုံးစေခဲ့တဲ့ လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတို့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တာလို့ အစ္စရေးက ထုတ်ပြန်ပါတယ်။
ဟစ်ဇ်ဘိုလာတပ်ဖွဲ့တွေနဲ့ အစ္စရေးစစ်တပ်ဟာ အစ္စရေး-လက်ဘနွန် နယ်စပ်တလျှောက် အပြန်အလှန် ပစ်ခတ်နေတာ လေးလကျော်လာပြီ ဖြစ်ပါတယ်။
ပါလက်စတိုင်းက မဟာမိတ် ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ဟစ်ဇ်ဘိုလာတပ်တွေက အစ္စရေးဘက်ကို တိုက်ခိုက်တာဖြစ်ပါတယ်။
အယ်ဆာဝါနာမြို့ကို အစ္စရေးရဲ့တိုက်ခိုက်မှု ထိမှန်တာကြောင့် အမျိုးသမီးတဦးနဲ့ သူ့သားသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
နာဘာတီယာရ်ရွာက အဆောက်အအုံတခုကို ထိမှန်တဲ့အတွက် ကလေးနှစ်ဦး၊ အမျိုးသမီးသုံးဦးနဲ့ အမျိုးသားသုံးဦး သေဆုံးတယ်လို့ မြို့ဆေးရုံ တာဝန်ရှိသူက ပြောပါတယ်။ တခြား လူ ၇ ဦးလည်း ဒဏ်ရာရပြီး ဆေးရုံတက် ကုသခံယူနေရတယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားလေးဦးလည်း သေဆုံးခဲ့ပေမဲ့ အရပ်သားထိခိုက်မှုတွေပါ ရှိခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ လက်ဘနွန်ဘက်ကနေ ရော့ကတ်တွေနဲ့ တောက်လျှောက် ပစ်ခတ်ခဲ့တဲ့အတွက် အစ္စရေးအမျိုးသမီးစစ်သမီးတဦး သေဆုံးပြီး ရှစ်ဦး ဆေးရုံတင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အစ္စရေးဟာ စစ်မျက်နှာနှစ်ဖက် မဖွင့်ချင်ပေမဲ့ စော်ကားလာရင်တော့ အင်နဲ့အားနဲ့ တုံံ့ပြန်သွားမယ်လို့ အစိုးရပြောခွင့်ရပုဂ္ဂိုလ် အီလာနာ စတိန်းက ပြောပါတယ်။
Source/Photo-Reuters