ပြည်သူများ မဲစာရင်းလာကြည့်ကြရန် ဧရာဝတီတိုင်းကော်မရှင်ဥက္ကဋ္ဌ မေတ္တာရပ်ခံ
DVB
·
June 13, 2020
၂၀၂၀ ရွေးကောက်ပွဲအတွက် မဲစာရင်းတွေကို ပြည်သူတွေ လာကြည့်ကြဖို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးအောင်မြင့်က မေတ္တာရပ်ခံလိုက်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ကြုံခဲ့တဲ့ အတွေ့အကြုံတွေအရ မဲစာရင်းကို လူတော်တော်များများက လာရောက်ကြည့်ရှုမှု မရှိဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ မေတ္တာရပ်ခံချင်တာက အိမ်မှာရှိတဲ့သူအားလုံး လာကြည့်ဖို့ မလိုပါဘူး။ တအိမ်မှာ တစ်ယောက်ပေါ့။ လာကြည့်၊ စျေးသွားရင် စျေးအပြန်မှာ ဝင်ကြည့်၊ ကလေးတွေ မှာလိုက်၊ ကျောင်းသွားပြီး ကျောင်းအပြန်မှာ ဝင်ကြည့်လိုက်” လို့ ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။
ယခင်ရွေးကောက်ပွဲတွေမှာ မဲစာရင်းတွေကို ကပ်စရာနေရာ မရှိလို အုန်းပင်ပေါ် တက်ကပ်တာတွေ၊ မဲစာရင်းတွေကို ရပ်ကွက်ရုံးတွေမှာ မကပ်ဘဲ ရပ်ကွက်ဥက္ကဋ္ဌ အိမ်တွေမှာ ကပ်ထားတာတွေ ရှိတယ်လို့ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပါတီတွေက ပြောပါတယ်။
“အဲဒါတွေ ဒီတခါမဖြစ်ရအောင် ကျနော်တို့က ရပ်ကွက်ရုံးမှာကပ်၊ ဘယ်အချိန်ကပ်၊ အဲဒါတွေ မဖြစ်ရအောင် ကျနော်တို့ဆီက နှစ်ယောက်ဆီ တာဝန်ချထားတယ်” လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများအား ရပ်ကွက်ရုံးတွင် ကပ်ထားပြီး၊ မဲစာရင်း ကပ်ထားချိန်တွင် ကော်မရှင်မှ နှစ်ယောက်စီ တာဝန်ချထားပေးမှာ ဖြစ်ကြောင်း သိရှိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီးတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၂၆ ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၅၂ ဦးနဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ ရွေးချယ်ရမှာ ဖြစ်ပါတယ်။