ဧရာဝတီတိုင်းတွင် စည်းကမ်းမလိုက်နာသည့် စားသောက်ဆိုင် ၁၅၀၀ ကျော် အရေးယူခံရ
DVB
·
June 12, 2020
ဧရာဝတီတိုင်းမှာ ဇွန် ၈ ရက်နေ့အထိ သတ်မှတ်စည်းကမ်းချက်မလိုက်နာတဲ့ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နဲ့ ထမင်းဆိုင် စုစုပေါင်း ၁၁၅၁ ဆိုင်အား ဆိုင် ၃ ရက်ပိတ် အ ရေးယူထားတယ်လို့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောပါတယ်။
စည်ပင်သာယာခွင့်ပြုထားတဲ့ စျေးဆိုင်ခန်းတွေအား ဆိုင်ရှိခုံတွေ ၅၀ ရာခိုင်နှုန်း လျှော့ချဖို့၊ ရောင်းချသူတွေ Mask တွေနဲ့ လက်အိတ်တွေ တပ်ဖို့၊ လက်ဆေးဖို့ နေရာထားရှိဖို့ စတဲ့သတ်မှတ်ချက်တွေနဲ့ ပြန်လည်ရောင်းချခွင့်ပြုထားပြီးဖြစ်ပါတယ်။
စည်းကမ်းမလိုက်နာတဲ့ဆိုင်တွေကို ပထမအကြိမ် ၃ ရက်ဆိုင်ပိတ်သိမ်းဖို့၊ ဒုတိယအကြိမ် ၁၀ ရက်ပိတ်ဖို့နဲ့ တတိယအကြိမ်တွေ့ရှိပါက ရက်အကန့်အသတ်မရှိ ပိတ်ဖို့ ထုတ်ပြန်ထားပါတယ်။
ကာလကြာ စားဝတ်နေရေး ထိခိုက်မယ့် အကြောင်းအရာတွေကို တွက်ချက်ပြီး ကူးစက်ရောဂါကူးစက်နိုင်မှုမရှိတဲ့ စီမံတွေနဲ့ ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးခဲ့တာလို့ ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီးရှိ စည်ပင်သာယာခွင့်ပြုထားတဲ့ စျေး ၁၃၂ စျေးမှ စည်းကမ်းမလိုက်နာတဲ့ စျေးရောင်းချသူတွေကိုလည်း စည်ပင်သာယာရေးအဖွဲ့က ဒဏ်တပ်အရေးယူတာတွေ ရှိတယ်လို့ သိရပါတယ်။
စည်ပင်သာယာစျေးတွေမှာ စည်းကမ်းမလိုက်နာတဲ့ စျေးရောင်းချသူတွေကို ဇွန်လ ၄ ရက်နေ့အထိ ဒဏ်တပ်ခဲ့ရာမှာ ဒဏ်ကြေး စုစုပေါင်း ကျပ် ၆,၃၁၁,၀၀၀ ရရှိတယ်လို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောပါတယ်။
Mask မတပ်တဲ့ စျေးရောင်းချသူတွေကို ကျပ် ၃၀၀၀ မှ ကျပ် ၅၀၀၀ အထိ ဒဏ်ရိုက်အရေးယူခဲ့တယ်လို့ ဆိုပါတယ်။
စည်ပင်သာယာစျေးတွေရှိ ဆိုင်တွေနဲ့ စည်ပင်သာယာခွင့်ပြုထားတဲ့ ဆိုင်တွေကို ဒဏ်ရိုက်တာနဲ့ ဆိုင်ပိတ်ခိုင်းတာတွေ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။